Golden Lotus SkinCare Cosmetic Online Shop

Golden Lotus SkinCare  Cosmetic  Online Shop

Share

ပစ္စည်းမှန် ဈေးမှန် အတွေးကောင်း
အကြ?

Photos from Kaung Hein Soe - Strategic's post 13/07/2026
13/07/2026

အိမ်ခြံမြေ ရင်းနှီးမြုပ်နှံမှု များအကြောင်း ...အပိုင်း (၁)
Real Estate ဆိုတဲ့ အိမ်ခြံမြေ ရင်းနှီးမြုပ်နှံမှုဟာ နိုင်ငံတကာမှာလဲ ကြီးမား တဲ့ ရင်းနှီးမြုပ်နှံမှု အမျိုးအစား တစ်ခုဖြစ် ပါတယ်။ မြန်မာနိုင်ငံမှာလဲ မြေစျေးဟာ အတက်ဖက် သို့သာ နှစ် ပေါင်းများစွာ ဦးတည်နေခဲ့တာကြောင့် မြေဝယ်မကျ လို့တောင် ပြောစမှတ်ပြုတဲ့အထိ ဖြစ်ခဲ့ တာကို လဲတွေ ့ရမှာဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဒီိလိုကြီးမားတဲ့ ရင်းနှီးမြုပ်နှံမှု အမျိုးအစား ဖြစ်တဲ့ Real Estate Investment အကြောင်းကို မျှဝေပေးချင်ပါတယ်။
ဘာကြောင့်အိမ်ခြံမြေရင်းနှီး မြုပ်နှံမှုကို လုပ်ကြသလဲ။
ရင်းနှီးမြုပ်နှံမှု လို့ပြောလိုက် တာနဲ့ Investor များဟာ Cash flow ဘယ်လောက် ရမလဲ နဲ့ Leverage ဘယ်လောက်ဖြစ် မလဲဆိုတာနှစ်ခုကို ချိန်ညှိကြလေ့ရှိပါတယ်။ Cash Flow ဆိုတာကတော့ အဲဒီရင်းနှီးမြုပ်နှံမှုကိုလုပ်ရင်လစဉ် နှစ်စဉ် Positive Cash Flow ဘယ်လောက် ဝင်မလဲ ဝင်တာကရော ကိုက်ရဲ့လား ဆိုတာကို တွက်ချက်သုံးသပ်ကြပါတယ်။ Leverage or Capital Gain ကတော့ ဒီ ရင်းနှီးမြုပ်နှံမှုဟာ ဝယ်ရင်းစျေး ထက် ဘယ်လောက် တန်ဖိုး တက်သွား နိုင်မလဲဆိုတာကို မျှော်မှန်းတာပဲဖြစ်ပါတယ်။ ရင်းနှီးမြုပ်နှံမှုတိုင်းဟာ အဲဒီနှစ်ချက်လုံး ရတတ်လေ့ မရှိတတ်ပါဘူး။ ဥပမာ မော်တော်ကားတွေဝယ်ပြီး အငှားချမယ်ဆိုရင် လစဉ် ဝင်ငွေ ရနိုင်ပေမယ့် ကားတန်ဖိုး ကတော့ အချိန်ကြာတာနဲ့အမျှ ကျလာတတ်တဲ့အတွက် တန်ဖိုးတက်ခြင်းဟာ ဖြစ်ဖြစ်မြောက်မြောက် မရှိနိုင်ပါဘူး။
နောက်ထပ်တစ်ချက်ကတော့ အိမ်ခြံမြေ ကနေရတဲ့ တန်ဖိုးတက် ခြင်း ဟာ အခြားသော ရင်းနှီးမြုပ်နှံမှု အမျိုးအစားတွေ နဲ့ မယှဉ်သာအောင် များပြားလို့ပါပဲ။ ဥပမာ ပြောရရင် ကျွန်တော် ကျောင်းတက်စဉ် ပထမ နှစ် တုန်းက အစ်မတို့လင်မယား လုပ်တဲ့ မြေကွက်ဝယ်ရောင်းထဲကို စုထားတဲ့မုန့်ဖိုးလေး တစ်သိန်း နှစ်သိန်းလောက် ရှယ်ယာထည့်ဖူးပါတယ်။ အဲဒီတုန်းက ရန်ကုန် ဒဂုံမြို့သစ်တွေက မြေကွက်တွေဟာ သုံး. လေးသိန်းသာ ရှိပေမယ့် ယခုအချိန်မှာတော့ သိန်း ၃၀၀ ဝန်းကျင်ခန့်ဖြစ်နေ ပါပြီ။ ဒါက ပုံမှန် တည်ငြိမ်တဲ့ အနေအထားလေးကိုဆိုလိုတာပါ။ စီမံကိန်းရှိလို့ လမ်းခင်းလို့. တံတားထိုး လို့ဆိုပြီး ဧက လိုက်ကို မှ ၅သိန်း ဝန်းကျင်ကနေ ပေ ၄၀ ပေ၆ဝကို သိန်းထောင်ကျော် ရုတ်တရက်တက်သွားတဲ့ ဖြစ်ရပ်တွေ အများအပြား ကြားဖူးကြပါလိမ့်မယ်။ဒီလို မက်လောက်စရာ တန်ဖိုးတက်ခြင်းကြောင့် လဲ ရင်းနှီးမြုပ်နှံသူတွေဟာ Real Estate ကို ရင်ခုန်စိတ်လှုပ်ရှားကာ စိတ်ဝင်စားကြပါတယ်။
ဒါ့အပြင်မြေ ပိုင်ဆိုင် မှုဟာ အခြားသော အခွင့်အရေး တွေ ရရှိနိုင်ပါတယ်။ ဥပမာ မြေကို Value added အနေနဲ့ အဆောက်အအုံမျိုးစုံဆောက် လုပ်နိုင်တာ၊ ပိုင်ဆိုင်မှုခိုင်မာတာ၊ အပေါင်ပစ္စည်း အနေနဲ့ဘဏ်ချေးငွေ ရယူနိုင်တာ၊ စတဲ့ အားသာချက်တွေ လဲအများအပြား ရှိပါသေးတယ်။
Real Estate Investor Level 4 ခု
ကျွန်တော်ကတော့ အိမ်ခြံမြေရင်းနှီးမြုပ်နှံ သူတွေကို အဆင့် လေး ဆင့် Level 4 ခု ခွဲထုတ် ထားပါတယ်။ ဒီ အဆင့် တွေ အလိုက် ရင်းနှီးမြုပ်နှံမှု ပုံစံတွေ ယူရတဲ့ Risk တွေ မြတ်စွန်းနိုင်ခြေ တွေဟာ ပုံစံမတူပဲကွာခြားသွားလေ့ရှိပါတယ်။
Level 1 စိတ်ကူးယဉ် ရင်းနှီးမြုပ်နှံသူ
ဒီ အဆင့်ကတော့ အိမ်ခြံမြေ ရင်းနှီးမြုပ်နှံမှု အတွေ့အကြုံလဲ မရှိသလောက်နည်းပါးသလို သတင်း အချက်အလက် (Data) တွေထက် စိတ်ကူးယဉ်အိမ်မက် မက်ပြီးတော့ သာ ရင်းနှီးကြသူတွေဖြစ် ပါတယ်။ သူတို့မှာက မြေဝယ်ပြီး ဘယ်လိုသိန်းပေါင်းများစွာ စျေးတက်သွားတယ်ဆိုတဲ့ ပုံပြင်တွေ ကြောင့်ဖြစ်စေ၊ မြေလေးတစ်ကွက်လောက်တော့ ဘယ်နားဖြစ်ဖြစ်ဝယ်မယ်ဆိုတဲ့စိတ်ကူးကြောင့် ဖြစ်စေ မြေဝယ်ဖြစ်ကြတဲ့သူတွေ ဖြစ်လေ့ရှိပါတယ်။ အများစုက Cash Flow တွေ Leverage တွေ သတင်းအချက်အလက်ခိုင်ခိုင်မာမာတွေ မရှိ ကြပဲ မြေတစ်ကွက် ပိုင်ထားလိုက်ပြီး ဆယ်စုနှစ် တစ်ခုလောက်ဆိုရင် သူဌေးဖြစ်ပြီလို့ယူဆ ကြသူတွေအတော်များပါတယ်။
တူညီတဲ့တစ်ချက်ကတော့ဒီလို ရင်းနှီးမြုပ်နှံသူတွေဟာ မိမိ တတ်နိုင်တဲ့ပမာဏ နဲ့ ဘယ်နေရာမှာ ဝယ်လို့ ရနိုင်မလဲ ဆိုတဲ့ ကိုယ့်ကိုကိုယ်သာ အခြေပြုပြီး ကိုယ်တတ်နိုင်တဲ့ စျေးသက်သာတဲ့ နေရာ တွေကိုသာ ရွေးချယ်ဝယ်ယူ တတ်ကြတာများပါတယ်။ ဘယ်နယ်မှာတော့ မြေကွက်လေးက ဘယ် စျေးပဲရှိတယ် ၊ ဘယ်နေရာမှာတော့ ဘယ်လောက်နဲ့ ရတယ် ဆိုတဲ့ အချက်ပေါ်မှာသာ မူတည်ပြီး မြေအမျိုးအစား၊ ပိုင်ဆိုင်မှု၊ တန်ဖိုးတက်နိုင်ခြေ စတာတွေကို တွက်ချက်ဖို့ သတိမရ ပဲ ဝယ်ယူ ကြတတ်ပါတယ်။ သစ်တောကြိုးဝိုင်း အကွက်ရိုက်ရောင်း တာကို စျေးချိုချိုနဲ့ ဝယ်မိလို့ ပြန်အသိမ်းခံရတာ မျိုး၊ ပိုင်ဆိုင်မှုတော့ ခိုင်မာပါတယ် ဆယ်နှစ်လောက်ကြာတဲ့အထိ တန်ဖိုးက တက်မလာတာ၊ စတာတွေ ကို ဒီအဆင့် က သူတွေ ကြုံရတတ်ပါတယ်။
ဒါ့အပြင် ကိုယ်နိုင်တာလေးနဲ့စျေးသက်သာတာ လိုက်ဝယ်တာတော့ မဟုတ်ဘူး။ ဒါပေမယ့် ဘယ် Data အချက်အလက် ပေါ်မှမူတည်စဉ်းစားတာမျိုးလဲ မဟုတ်ပဲ သူများတွေတော့ ဝယ်နေကြတယ် ဟေ့ ဆိုတာနဲ့ Emotion ဖြစ်ပေါ်သွားပြီး လိုက်ဝယ်တာ၊ သတင်းတွေပေါ်မှာ စီမံကိန်းတွေ တံတား တည်ဆောက်ရေးတွေ တွေ့တော့မှ လိုက်ဝယ် တဲ့အခါ စျေးကြီးမိတာ၊ ပထမ တစ်ခါလောက် မြတ်ဖူး တာနဲ့ နောက်ဝယ်သမျှမြတ်မှာပဲဆိုပြီး လောဘစိတ်အခြေခံဝယ်ယူမိရင် ပိုက်ထားမိတာ စတာတွေဟာလည်း ဒီလိုစိတ်ခံစားမှု စိတ်ကူးယဉ် ရင်းနှီးမြုပ်နှံသူတွေ မှာ တွေ့ရလေ့ရှိပါတယ်။
အိမ်ခြံမြေရင်းနှီးမြုပ်နှံ သူတွေထဲမှာတော့ ဒီ အဆင့် တစ် ရင်းနှီးသူတွေဟာ အရှုံး ဆုံး နဲ့ Risk အများ ဆုံး သူတွေ လို့လဲ ဆိုနိုင်ပါတယ်။
Level 2 Data အချက်အလက် များ အရ ရင်းနှီးမြုပ်နှံသူ
ဒီအဆင့်ကတေ့ာ သူတို့ဝယ်ယူ လိုက်တဲ့ ရင်းနှီးမြုပ်နှံ မှုတစ်ခုကို ဘာကြောင့် ဝယ်ယူရသလဲ ဆိုတဲ့ အချက်အလက်တွေ သတင်းတွေ Data တွေ အခိုင်အမာ ရှိတတ်ကြပါတယ်။ ဥပမာ မြေကွက် တစ်ကွက် ရဲ့ ပေါက်စျေးက အနည်းဆုံး သိန်း ၃၀၀ ရှိတယ်ဆိုတာ စိတ်ခံစားချက် အရ မဟုတ်ပဲ စျေးကွက်အခြေအနေကို လေ့လာပြီး သိနေတဲ့အခါ ပေါက်စျေးထက်လျော့တဲ့ စျေးနဲ့ ရောင်း တဲ့သူ ကြုံတာနဲ့ သို့မဟုတ် လိုက်ရှာဝယ်ပြီး ပေါက်စျေးအတိုင်း ပြန်လည် ရောင်းချ ကာ ကြိမ်းသေတဲ့ အမြတ်ကို ယူကြလေ့ရှိပါတယ်။ ဒီလိုလုပ်ဖို့အတွက်ကတော့ စျေးကွက်နဲ ့ရင်းနှီး ထိတွေ ့နေမှု ရှိဖို့လိုပြီး ပေါက်စျေးကိုလဲ သိနေဖို့ လိုပါတယ်။ များသောအားဖြင့်တော့ အကျိုးဆောင်တွေ ဝယ်ရောင်းတွေ လုပ်တတ်ကြတဲ့ ပုံစံမျိုးဖြစ်ပါတယ်။ စျေးကွက်ထဲမှာ မြေ ဝယ်လိုသူနဲ့ ရောင်းလိုသူတွေကို ချိတ်ဆက်အကျိုးဆောင်ပေးရင်းအကျိုး ဆောင်ခ ကို ရယူနေ သလို ကျိမ်းသေ မြတ်နိုင်မယ့် စျေးတန် တဲ့ အကွက်များ တွေ့တဲ့အခါ မိမိ နိုင် ရင်လဲ တစ်ဦးထဲ မနိုင်ရင် လဲ သုံးလေးငါးဦး စပ်ကာ ဝယ်ယူပြီး လပိုင်း အတွင်းပြန်လည်ရောင်းချ အမြတ် ယူကြ လေ့ ရှိပါတယ်။
ဒီအဆင့်မှာ မှ နည်းနည်းပိုပြီး အဆင့်မြင့်သွားတာကတော့ လူတိုင်း အချိန်တစ်ခုပေးလိုက်ရင် သိနိုင် ရနိုင်တဲ့ Data သတင်းအချက်အလက် တွေ ပေါ် မူတည်လှုပ်ရှားတာမျိုး မဟုတ်ပဲ လူတိုင်း မရ နိုင်တဲ့ သတင်းအချက်အလက်တွေ ကိုရရှိပြီး သို့မဟုတ် လူအများစု မသိနိုင်ခင် အချိန်မှာ ကြိုတင်သိရှိအောင်လုပ်ဆောင်ပြီး အဲဒီအချက်အလက်ကို သုံးကာ စွန့်စားလက်ဦးမှု ရယူကြ တာဖြစ်ပါတယ်။ ဥပမာ အားဖြင့်ဆိုရရင် လွန်ခဲ့တဲ့ နှစ်တွေ မှာ ရန်ကုန်မြို့သစ်စီမံကိန်း အနေနဲ့ မြို့အသစ် တည်ဆောက် ဖို့ မြေနေရာရွေးတဲ့အခါ အရှေ့ဒဂုံ၊ ကြည့်မြင်တိုင်တစ်ဖက်ကမ်း၊ စတဲ့ နေရာတွေကို ရွေးချယ်ဖို့ ပညာရှင်တွေက ရန်ကုန်တိုင်းဝန်ကြီးချုပ်ကိုတင်ပြကြပါတယ်။ အဲဒီ သတင်း ကိုရတာနဲ့ စွန့်စားရဲသူအချို့က ဖြစ်နိုင်ချေ များတဲ့ အဲဒီနေရာတွေ မှာ တစ်ကွက်စ နှစ် ကွက်စ ဝယ်ယူထားကာ အမြတ် ရယူကြတာတွေ့ရပါတယ်။ ဒါပေမယ့် Risk ကတော့ အတော် လေးများပြားပါတယ်။
နောက်တစ်နည်းကတော့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ နဲ့ ရင်းနှီး သူတွေက သူတို့ ဘာတွေ လုပ်နေလဲ ဘယ်နေရာမှာ ရင်းနှီးကြသလဲ ဆိုတာကို အရိပ်အခြေကြည့်ပြီး လိုက်ပါ ရင်းနှီး ကြတာမျိုးလဲ သတင်းအချက်အလက် အခြေခံရင်းနှီးသူများထဲထည့်နိုင်ပါတယ်။
ဆိုတော့ ပထမနည်းကတော့ လူတိုင်းရနိုင်တဲ့ စျေးကွက်ပေါက်စျေး၊ မြေနေရာအနေအထား၊ Map နဲ့ မြို့ချဲ့ထွင်လာမှု၊ လူသိပ်သည်းမှု၊ စီးပွားရေး အနေအထား စတာတွေသုံးသပ်ပြီး သေချာတဲ့ အမြတ် ပမာဏ ရယူသူနဲ့ အတွင်းစည်း က သတင်းအချက်အလက်တွေကို ရအောင်ယူ ပြီး Risk ယူ ကာ ကြီးမားတဲ့အမြတ် ရယူသူ ဆိုပြီး နှစ်ပိုင်း ထပ်ပြီးတွေ့နိုင်ပါတယ်။
ဒီပထမဆင့်ကို လုပ်လိုရင်တော့ စျေးကွက်ကို အမြဲထိတွေ့နေဖို့ လိုအပ်မယ် ဒါမှမဟုတ် အမာခံ အကျိုးဆောင် တစ်ဦးဦး ရှိထားမယ် ဆိုရင် အဆင်ပြေနိုင်ပြီး ဒုတိယ အပိုင်းကတော့ Network ကျယ်ကျယ် ရှိဖို့ လိုအပ်ပါတယ်။
Level 3 Value Added Investor သို့မဟုတ် တန်ဖိုးထပ်ပေါင်းသူများ..
ဒီအဆင့်ကတော့ Level 2 မှာ ပိုင်နိုင်ကျွမ်းကျင်သွားတဲ့ နောက်မှာ နောက်ထပ် တစ်ဆင့် ထပ်တက် လာတဲ့ အဆင့်ဖြစ်ပြီး အမြတ် ပမာဏ လဲပိုမိုများပြား ကာ အမြတ် ရမှုလဲ ပိုမိုသေချာ တဲ့ အဆင့်ဖြစ်ပါတယ်။ ဥပမာ ခြံနွယ်တွေနဲ့ ရှုပ် ပွညစ်ပေနေတဲ့ အိမ်အပါမြေကွက် လေးကို စျေးတန်တန်နဲ့ ဝယ်ယူပြီး လိုအပ်တဲ့ ပြုပြင်မွမ်းမံမှုတွေ ပြုလုပ်ခြင်း ခြံစည်းရိုးကာရံ ခြင်း မြေဖို့ခြင်း စသည်တို့ ပြုလုပ်ပြီး စျေးအမြင့်နဲ့ ပြန်လည် ရောင်းထုတ် အမြတ်ယူခြင်းဟာ အရိုးစင်း ဆုံးနည်း လမ်းတစ်ခုဖြစ်ပါတယ်။
ဒီထက် ပိုပြီးလုပ်ဆောင်နိုင်တာ Value added တန်ဖိုးတွေ ထပ်ပေါင်းပေးတာမျိုးတွေ လဲ အများအပြား လုပ်ဆောင်နိုင်ပါသေးတယ် ဥပမာ မြေကွက် အလွတ်ကို ဝယ်ယူပြီး အိမ် ဆောက် ကာ ရောင်းချတာ၊ မြေကွက် အလွတ်ပေါ်မှာ ကန်ထရိုက်တိုက် ဆောက်ပြီး အခန်းတွေ ပြန်လည် ရောင်းထုတ်တာ၊ မြေကွက် ပေါ်မှာ တိုက်ခန်းတွဲတွေ ကွန်ဒိုတွေ စျေးဝယ်စင်တာပါတဲ့ အိမ်ယာတွေ တည်ဆောက်၊ တိုက်ခန်း တစ်ခန်းဝယ်ပြီး အတွင်းပိုင်း အပြင်အဆင် Decoration များ ပြုလုပ် ပြင်ဆင်ပြီး ပြန်လည်ရောင်းချတာ တွေဟာ Vale Added Investor တွေ ရဲ့ လုပ်ဆောင် ချက်တွေ ဖြစ်ပါတယ်။
ဒီလိုလုပ်နိုင်ဖို့ကတော့ ဒုတိယအဆင့် သတင်းအချက်အလက်တွေ သိဖို့လိုတဲ့အပြင် Value added လုပ်မယ့် ကုန်ကျစရိတ်နဲ့ ပြင်ဆင်ပြီးရောင်းချနိုင်မယ့် ပမာဏ တို့ကို ခန့်မှန်းတွက်ချက် နိုင် ဖို့လဲလိုအပ်ပါတယ်။ သတ်မှတ်ကုန်ကျစရိတ် အတွင်းလဲ ပြီးစီးပါမှ၊ မျှော်မှန်းစျေးနှုန်း နဲ့လဲရောင်း ထွက်ပါမှ အဆင်ပြေမှာဖြစ်တဲ့ အတွက် အသေအချာတွက် ချက် နိုင်မယ် အတွေ့အကြုံလဲရှိ လာမယ် ဆိုရင်တော့ ဒီအဆင့်ဟာ အမြတ် ပိုမိုသေချာ စေပါတယ်။
Level 4 Developer များ
Developer ဆိုတာကတော့ ဖွံဖြိုးတိုးတက်စေသူများ ၊ အကောင်အထည်ဖော်သူများလို့ ပြောလို့ရမယ် ထင်ပါတယ်။ မြေကွက် အိမ် တိုက်ခန်းတွေကို Value Added လောက် ဖြစ်စေ ရုံ မဟုတ်တော့ပဲ Eco system ကြီး တစ်ခုလုံး သို့မဟုတ် တစ်ခုလုံးနီးပါးကို တစ်ခါထဲဖော်ဆောင် တည်ဆောက်ပေးပြီး ရောင်းချ ပေးတာပါပဲ။ ဒီအဆင့်ကတော့ ငွေကြေးအရင်းအနှီးများစွာ လိုအပ်သလို အမြတ် ငွေ အနေနဲ့ကလဲ များစွာ ပြန်လည် ရရှိလေ့ရှိပါတယ်။
ဥပမာ အားဖြင့် မြို့ပြင် လိုနေရာမှာ မြေဧက ပေါင်းများစွာ ဝယ်ယူပြီး အဲဒီ မြေတွေ မှာ ရှော့ပင်းစင်တာ ကြီးတွေ၊ ရုပ်ရှင်ရုံတွေ၊ပန်းခြံတွေ၊ ဆေးရုံတွေ၊ မီးသတ်ဌာနတွေ၊ ပါဝင် တဲ့ ကွန်ဒို ကြီးတွေ လူနေ တိုက်ခန်းတွဲတွေ လုံးချင်းအိမ်ယာတွေ နဲ့ မြို့အသေးလေး တစ်ခုစာ တစ်ခါ ထဲ ဖန်တီးတည်ဆောက် Develop လုပ်ကာ ရင်းနှီးမြုပ်နှံတာပါပဲ။ ဒီအတွက် လူတွေ များစွာလဲ ရောက်ရှိ နေထို်င်လာသလို Eco system တစ်ခု စာဖြစ်လာတဲ့အတွက်လဲ တန်ဖိုးက အဆ ပေါင်းများ စွာ တက်လာတတ်ပါတယ်။
မြေဧက ပေါင်းများစွာ မဟုတ်ရင်တောင် အထပ်မြင့် အဆောင်အအုံကြီးတွေတည်ဆောက်ပြီး အဲဒီ အဆောက်အုံကြီးမှာပဲ တတ်နိုင်သမျှ Eco System တစ်ခု ဖန်တီးပေးထားတာတွေလဲ ဒီဖက် ခေတ်မှာ အတော်များများတွေ့လာရပါတယ်။.
ဒါတွေကတော့ ကျွန်တော့်ရဲ့အတွေ့အကြုံအရ Real Estate ရင်းနှီးမြုပ်နှံသူတွေကို Level တွေ ခွဲခြားထားတာဖြစ်ပါတယ်။ ဒီလောက်ဆိုရင်တော့ ဗဟုသုတ အနေနဲ့ ပြည့်စုံလောက်ပြီးထင်ပါတယ်။ မိတ်ဆွေ ရော ဘယ် အဆင့်လောက် ထိ ရှိနေပြီလဲ၊ ဘယ်အချိန် လောက် ဆိုရင် ဘယ်Level လောက် ဖြစ်နိုင်မယ် ကို Comment ပေးခဲ့ပါဦးဗျား။
လုံလောက်တဲ့ အသိပညာ ဟာ ပြင်းထန်တဲ့အခက်အခဲတွေကို လွယ်ကူစွာကျော်ဖြတ်စေနိုင် ပါတယ်။
ဆက်ရန်...
Kaung Hein Soe – Strategic
Business Consultant

13/07/2026

ဆီမုန်ဒီဘိုဗွား (Simone de Beauvoir) ရဲ့ အမြင်အရ မိန်းမတစ်ယောက်ရဲ့ ဘဝကို လူ့အဖွဲ့အစည်းက တစ်နေ့တည်းနဲ့ ကောက်ပြီး ပုံသွင်းလိုက်တာမျိုး မဟုတ်ပါဘူး။ ကလေးဘဝ အရွယ်ကတည်းက စတင်ပြီး သူမရဲ့ ကိုယ်ခန္ဓာ၊ စိတ်ဆန္ဒ၊ မျှော်လင့်ချက်တွေနဲ့ အနာဂတ်ကို တခြားသူတွေရဲ့ အမြင်တွေနဲ့ တဖြည်းဖြည်း ချိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ ယောက်ျားလေးတွေကိုတော့ လောကကြီးထဲ ထွက်သွားဖို့၊ လက်တွေ့လုပ်ဆောင်ဖို့၊ ကိုယ်တိုင်ရွေးချယ်ဖို့နဲ့ အခက်အခဲတွေကို အနိုင်ယူဖို့ သင်ပေးနေတဲ့အချိန်မှာ မိန်းကလေးတွေကိုကျတော့ ကိုယ့်ကိုယ်ကို အမြဲတမ်း အကြည့်ခံရမယ့်သူ၊ အချစ်ခံရမယ့်သူ၊ ပြီးတော့ တစ်နေ့နေ့ကျရင် တစ်စုံတစ်ယောက်ရဲ့ ဘဝထဲကို ဝင်ရောက်ရမယ့်သူဆိုပြီး ပုံသွင်းထားတတ်ကြပါတယ်။ ဒီလိုမျိုး ပုံသွင်းခံရမှုရဲ့ အစောပိုင်း အကျိုးဆက်တစ်ခုကတော့ မိန်းမတစ်ယောက်ဟာ ကိုယ့်ဘဝရဲ့ အဓိပ္ပါယ်ကို ကိုယ်တိုင် တည်ဆောက်ယူဖို့ထက် အခြားသူတစ်ယောက်ရဲ့ အသိအမှတ်ပြု လက်ခံမှုထဲမှာပဲ သွားပြီး ရှာဖွေတတ်လာတော့တာ ဖြစ်ပါတယ်။

ဒီနေရာကနေ စတင်ပြီး ဘိုဗွားက ချစ်ခြင်းမေတ္တာဆိုတာကို သေသေချာချာ ခွဲစိတ်လေ့လာပြပါတယ်။ သူမအတွက်တော့ ချစ်ခြင်းဆိုတာ မကောင်းတဲ့အရာ မဟုတ်ပါဘူး။ လွတ်လပ်တဲ့ လူသားနှစ်ဦးကြားမှာ အပြန်အလှန် အသိအမှတ်ပြုမှု (Mutual recognition) မျိုး ဖြစ်တည်နိုင်မယ်ဆိုရင် ချစ်ခြင်းမေတ္တာဟာ လူ့ဘဝရဲ့ အလွန်အရေးပါတဲ့ အတွေ့အကြုံကောင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် မိန်းမတစ်ယောက်ကို ကိုယ်ပိုင်လုပ်ဆောင်ချက်၊ ကိုယ်ပိုင်အနာဂတ်နဲ့ ကိုယ်ပိုင်ရည်ရွယ်ချက် (Personal project) တွေ မရှိတော့အောင် ပုံသွင်းထားလိုက်တဲ့အခါမှာတော့ ချစ်ခြင်းဆိုတာဟာ အပြန်အလှန် လွတ်လပ်မှု မဟုတ်တော့ဘဲ ကိုယ့်ကိုယ်ကို ပူဇော်သက္ကာရပြုခြင်း သက်သက်အဖြစ်ကို ပြောင်းလဲသွားတတ်ပါတယ်။ အဲဒီအခါ သူမဟာ ချစ်သူကို ချစ်ရုံသက်သက် မဟုတ်တော့ဘဲ ကိုယ့်ဘဝရဲ့ အဓိပ္ပါယ်တစ်ခုလုံးကိုပါ ချစ်သူရဲ့အထဲမှာ သွားပြီး ထည့်သွင်းထားတတ်လာပါတယ်။

ဒီလို အခြေအနေမျိုးကို ရောက်သွားတဲ့အခါ ချစ်သူယောက်ျားဟာ မိန်းမတစ်ယောက်အတွက် သာမန်လူတစ်ယောက်အဖြစ်တင် မကတော့ပါဘူး။ သူဟာ အနာဂတ်ကို ဖွင့်ပေးမယ့်သူ၊ ကိုယ်တိုင်မရောက်နိုင်တဲ့ လောကကြီးထဲကို ခေါ်သွားပေးမယ့်သူ၊ ပြီးတော့ ကိုယ့်ရဲ့တန်ဖိုးကို အတည်ပြုပေးမယ့်သူအဖြစ် အသွင်ပြောင်းသွားပါတယ်။ ဘိုဗွားကတော့ ဒီလိုအချစ်မျိုးကို အချစ်ရဲ့ အမြင့်ဆုံးပုံစံတစ်ခုအနေနဲ့ မမြင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုအချစ်မျိုးမှာ လူနှစ်ဦးဟာ တန်းတူညီမျှရှိတဲ့ ပုဂ္ဂလဓိဋ္ဌာန် (Subject) နှစ်ဦးအနေနဲ့ တွေ့ဆုံကြတာ မဟုတ်တော့လို့ပါပဲ။ တစ်ဖက်က လက်တွေ့လုပ်ဆောင်သူ၊ အဓိပ္ပါယ်သတ်မှတ်ပေးသူနဲ့ ကမ္ဘာလောကထဲမှာ ခိုင်ခိုင်မာမာ ရပ်တည်သူ ဖြစ်နေပြီး၊ ကျန်တဲ့တစ်ဖက်ကတော့ ကိုယ့်ကိုယ်ကို ပူဇော်ပေးသူ၊ သူ့အတွက်သာ ရှင်သန်ပေးသူနဲ့ သူ့ကနေတစ်ဆင့်မှ ကိုယ့်ကိုယ်ကို အဓိပ္ပါယ်ဖော်ဆောင်ရသူ ဖြစ်လာလို့ပါပဲ။

ဘိုဗွားရဲ့ ဝေဖန်ချက်ဟာ မိန်းမတစ်ယောက်အနေနဲ့ ချစ်ခြင်းမေတ္တာကို လုံးဝ ပယ်ချပစ်ရမယ်လို့ ဆိုလိုနေတာ မဟုတ်ပါဘူး။ သူမ တကယ်ပြောလိုတဲ့ အဓိကအချက်က ချစ်ခြင်းမေတ္တာဆိုတာ လွတ်လပ်တဲ့သူ နှစ်ဦးကြားမှာ ဖြစ်တည်ရမယ့်အစား မိန်းမတစ်ယောက်ရဲ့ ကိုယ်ပိုင်ဘဝတစ်ခုလုံး ပျောက်ကွယ်သွားတဲ့ နေရာတစ်ခု ဖြစ်လာနိုင်တယ်ဆိုတဲ့ အချက်ပါပဲ။ ကိုယ်ပိုင်အဓိပ္ပါယ် တည်ဆောက်ခွင့် မရတဲ့သူဟာ အဲဒီအဓိပ္ပါယ်ကို ချစ်သူဆီကနေပဲ တောင်းယူတတ်လာပါတယ်။ ကိုယ်ပိုင် လုပ်ဆောင်ချက်မရှိတဲ့သူဟာ ချစ်သူရဲ့ လုပ်ဆောင်ချက်တွေထဲမှာပဲ ကိုယ့်ရဲ့အနာဂတ်ကို ဝင်ပြီး မြင်ယောင်တတ်လာပါတယ်။ အဲဒီအခါမှာ ချစ်ခြင်းမေတ္တာဟာ လွတ်လပ်မှုကို ပိုမိုကျယ်ပြန့်လာစေတဲ့ ဆက်ဆံရေးမျိုး မဟုတ်တော့ဘဲ ကိုယ့်ရဲ့လွတ်လပ်မှုကို အခြားသူဆီ လုံးလုံးလျားလျား အပ်နှံလိုက်တဲ့ ဆက်ဆံရေးမျိုး ဖြစ်သွားနိုင်ပါတယ်။

အဲဒီလို ချစ်ခြင်းမျိုးဟာ လူမှုရေးစနစ်ထဲကို ရောက်သွားတဲ့အခါ အိမ်ထောင်ရေးအဖြစ် ပုံသေ အတည်တကျအရာတစ်ခု ဖြစ်လာပါတယ်။ ဘိုဗွားရဲ့အမြင်မှာ အိမ်ထောင်ရေးဆိုတာ အမျိုးသမီးတစ်ယောက်ရဲ့ ဘဝအတွက် သဘာဝအရ သတ်မှတ်ထားတဲ့ အဆုံးသတ် မဟုတ်ပါဘူး။ ဒါပေမယ့် လူ့အဖွဲ့အစည်းကတော့ မိန်းမတစ်ယောက်ရဲ့ဘဝကို အိမ်ထောင်ရေးဆီကိုပဲ အရောက်လှမ်းဖို့ အမြဲတမ်း ဦးတည်ပေးထားတတ်ပါတယ်။ မိန်းကလေးတစ်ယောက်ဟာ ငယ်စဉ်အရွယ်ကတည်းက တစ်နေ့နေ့ကျရင် ဇနီးသည်တစ်ယောက် ဖြစ်လာရမယ်၊ ခင်ပွန်းတစ်ယောက်ရဲ့ အိမ်ထဲမှာ နေရာတစ်ခု ရယူရမယ်၊ မိသားစုတစ်ခုကို သေချာထိန်းသိမ်းရမယ်ဆိုတဲ့ မျှော်လင့်ချက်တွေရဲ့အောက်မှာပဲ ကြီးပြင်းလာခဲ့ရတာပါ။ ဒါကြောင့် အိမ်ထောင်ရေးဆိုတာ သူမရဲ့ ကိုယ်ပိုင်ရွေးချယ်မှုတစ်ခု ဖြစ်နိုင်တယ်ဆိုပေမယ့်လည်း လူမှုစနစ်ကြီးကတော့ ဒါကို မိန်းမတစ်ယောက်ရဲ့ဘဝမှာ မဖြစ်မနေ သွားရမယ့် လမ်းကြောင်းတစ်ခုအဖြစ် ပုံဖော်ပေးထားပါတယ်။

အိမ်ထောင်သည် မိန်းမတစ်ယောက်အဖြစ်ကို ရောက်လာတဲ့အခါမှာတော့ သူမရဲ့ ပေးဆပ်မှုတွေဟာ စိတ်ခံစားမှု သက်သက်အဖြစ် မကျန်ရစ်တော့ပါဘူး။ ချစ်သူထဲမှာ ကိုယ့်ရဲ့အဓိပ္ပါယ်ကို ထည့်သွင်းထားခဲ့တဲ့ အခြေအနေဟာ အိမ်ထောင်ရေးထဲမှာတော့ နေ့စဉ်လုပ်ဆောင်ရမယ့် တာဝန်တွေအဖြစ်ကို ပြောင်းလဲသွားပါတယ်။ အိမ်ကို သေချာထိန်းသိမ်းရပါတယ်။ အစားအသောက်၊ အဝတ်အစား၊ သန့်ရှင်းရေး၊ ဧည့်ဝတ်ကျေပွန်မှုကစလို့ ခင်ပွန်းသည်ရဲ့ နေ့စဉ်ဘဝနဲ့ မိသားစုတစ်ခုလုံးရဲ့ အဆင်ပြေချောမွေ့မှုတို့ကို မပျက်မကွက် စီမံခန့်ခွဲရပါတယ်။ ဒီအလုပ်တွေဟာ လူတစ်ယောက်ရဲ့ဘဝကို နေ့စဉ်လည်ပတ်နိုင်စေဖို့အတွက် အလွန်အရေးကြီးတဲ့ အလုပ်တွေ ဖြစ်ပေမယ့်လည်း မကြာခဏဆိုသလို တကယ့်အလုပ်တစ်ခုအနေနဲ့တောင် အသိအမှတ်ပြု မခံရတတ်ပါဘူး။ အိမ်ဆိုတာ သူမရဲ့ တာဝန်တစ်ခု ဖြစ်လာပေမယ့်လည်း အဲဒီအိမ်ကနေ သူမရဲ့ ကိုယ်ပိုင်လွတ်လပ်မှုဆိုတာ ထွက်ပေါ်လာတာမျိုး မဟုတ်ပါဘူး။

ဘိုဗွားကတော့ အိမ်ထောင်ရေးထဲက အိမ်မှုကိစ္စတွေကို အသေးအဖွဲ အလုပ်တွေအနေနဲ့ လုံးဝ မမြင်ခဲ့ပါဘူး။ သူမ မြင်တာက ဒီအလုပ်တွေရဲ့ ထပ်ခါတလဲလဲ ပြန်လုပ်နေရတဲ့ သဘောသဘာဝ၊ ဘယ်တော့မှ အဆုံးမသတ်နိုင်တဲ့ အနေအထားနဲ့ ဖန်တီးမှုတစ်ခုအနေနဲ့ အသိအမှတ်ပြု မခံရတဲ့ အချက်တွေကိုပဲ ဖြစ်ပါတယ်။ အိမ်ကို သန့်ရှင်းရေးလုပ်ပြီးသွားရင် မကြာခင်မှာ ပြန်ရှုပ်ပွလာမှာပါ။ အစားအစာတွေ ချက်ပြုတ်ပြီးသွားရင်လည်း မကြာခင်မှာ နောက်တစ်ခါ ပြန်ချက်ရဦးမှာပါ။ အဝတ်တွေ လျှော်ဖွပ်ပြီးရင်လည်း မကြာခင်မှာ ပြန်လျှော်ရပြန်တာပါပဲ။ ဒီအလုပ်တွေဟာ ဘဝကို ဆက်လက်ထိန်းသိမ်းထားပေးတယ်ဆိုပေမယ့် လောကကြီးထဲမှာ ကိုယ်ပိုင်ရည်ရွယ်ချက်တစ်ခုကို ခိုင်ခိုင်မာမာ တည်ဆောက်ပေးနိုင်တဲ့ ဖန်တီးမှုအလုပ် (Project) တစ်ခုအနေနဲ့တော့ ထွက်ပေါ်မလာနိုင်ပါဘူး။ ဒါကြောင့်မို့လို့ အိမ်ထောင်ရေးဟာ မိန်းမတစ်ယောက်ကို လက်တွေ့လုပ်ဆောင်သူ တစ်ဦးအနေနဲ့ မဟုတ်ဘဲ အရာရာကို ထိန်းသိမ်းစောင့်ရှောက်ရသူ တစ်ဦးအနေနဲ့သာ နေရာချထားပေးလိုက်တာ ဖြစ်ပါတယ်။

ဒီနေရာမှာ ဘိုဗွားရဲ့ အမြင်နဲ့ပတ်သက်လို့ အရေးကြီးတဲ့အချက်က သူမဟာ အိမ်ထောင်ရေးကို တစ်ဖက်သတ် အဆိုးမြင် သတ်မှတ်နေတာ မဟုတ်ဘူးဆိုတာပါပဲ။ တကယ့်ပြဿနာက အိမ်ထောင်ရေးအတွင်းမှာ ရှိနေတဲ့ မညီမျှတဲ့ အခြေအနေတွေ ဖြစ်ပါတယ်။ ယောက်ျားတစ်ယောက်ဟာ အိမ်ထောင်ရေးထဲ ဝင်ရောက်ပြီးသွားတဲ့ နောက်ပိုင်းမှာလည်း အပြင်လောက၊ အလုပ်အကိုင်၊ နိုင်ငံရေး၊ စီးပွားရေး၊ ဖန်တီးမှုတွေနဲ့ ကိုယ်ပိုင်အနာဂတ်တွေဆီမှာ ဆက်လက်ချိတ်ဆက် ရှင်သန်ခွင့် ရနေဆဲပါ။ မိန်းမတစ်ယောက်ကိုကျတော့ အိမ်ထောင်ရေးကိုပဲ ဘဝရဲ့ အဓိကဗဟိုချက်အဖြစ် လက်ခံထားဖို့ သင်ကြားပေးခံထားရပါတယ်။ ဒါကြောင့် အိမ်ထောင်ရေးဆိုတာ နှစ်ဦးနှစ်ဖက်ရဲ့ လွတ်လပ်တဲ့ ပေါင်းစည်းမှုတစ်ခု ဖြစ်သင့်ပေမယ့်လည်း မိန်းမတစ်ယောက်အတွက်ကတော့ မကြာခဏဆိုသလို ကိုယ်ပိုင်ဘဝတစ်ခုလုံးကို အိမ်အတွက် အပ်နှံလိုက်ရတဲ့ စနစ်တစ်ခုလို ဖြစ်သွားတတ်ပါတယ်။

အိမ်ထောင်ရေးထဲမှာ ပုံသေကျလာတဲ့ ဒီလိုမျိုး ပေးဆပ်မှုတွေဟာ မိခင်ဘဝဆိုတဲ့ အဆင့်ကို ရောက်သွားတဲ့အခါမှာတော့ ပိုပြီး မြင့်မြတ်တဲ့ ဘာသာစကားတွေနဲ့ အဓိပ္ပါယ်ဖော်ခံလာရပါတယ်။ ဘိုဗွားအတွက်တော့ မိခင်ဘဝဆိုတာဟာလည်း အမျိုးသမီးတစ်ယောက်ရဲ့ ဘဝအတွက် သဘာဝက ပေးလာတဲ့ ကံကြမ္မာတစ်ခု မဟုတ်ပါဘူး။ ကိုယ်ဝန်ဆောင်ခြင်း၊ ကလေးမွေးဖွားခြင်းနဲ့ ကလေးထိန်းကျောင်းခြင်းစတဲ့ ကိစ္စတွေဟာ ဇီဝဗေဒအရ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်နဲ့ ဆက်စပ်နေတဲ့ အရာတွေ ဖြစ်ပေမယ့်လည်း ဒီအရာတွေရဲ့ အဓိပ္ပါယ်ကိုတော့ လူ့အဖွဲ့အစည်းကသာ ဖန်တီးပေးတာ ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းက မိခင်ဘဝကို သန့်ရှင်းစင်ကြယ်ခြင်း၊ အနစ်နာခံခြင်း၊ ပြည့်စုံခြင်းနဲ့ မိန်းမဘဝရဲ့ အမြင့်ဆုံးသော အဓိပ္ပါယ်တစ်ခုအဖြစ် ဖော်ပြလေ့ရှိကြပါတယ်။ ဘိုဗွားကတော့ ဒီလိုမျိုး ပုံကြီးချဲ့ ဖော်ပြနေမှုတွေကို စိတ်ကူးယဉ် ဒဏ္ဍာရီ (Myth) တစ်ခုအနေနဲ့ သေချာစစ်ဆေးပြခဲ့ပါတယ်။

မိခင်ဘဝဆိုတာ အမျိုးသမီးတစ်ယောက်အတွက် အလွန်ဝမ်းမြောက်စရာကောင်းတဲ့ အတွေ့အကြုံတစ်ခု ဖြစ်နိုင်ပါတယ်။ ကိုယ့်ရင်သွေးကလေးနဲ့ ထိတွေ့ဆက်ဆံရတဲ့အခါမှာ ချစ်ခြင်းမေတ္တာ၊ တာဝန်ယူမှုနဲ့ အသစ်စက်စက် ဘဝတစ်ခုကို ထိတွေ့ခံစားခွင့် ရရှိတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဘိုဗွားက ဒီအတွေ့အကြုံကို ပုံစံတစ်မျိုးတည်းအဖြစ် ပုံသေမသတ်မှတ်ထားပါဘူး။ ကိုယ်ဝန်ဆောင်ရတာဟာ အမျိုးသမီးတစ်ယောက်အတွက် ကြည်နူးစရာဖြစ်နိုင်သလို တစ်ဖက်မှာလည်း အလွန်အမင်း ကြောက်ရွံ့စရာလည်း ဖြစ်နေနိုင်ပါတယ်။ ကလေးမွေးဖွားခြင်းဟာ အဓိပ္ပါယ်ရှိတဲ့ အတွေ့အကြုံ ဖြစ်နိုင်သလိုပဲ နာကျင်မှုတွေ၊ ခန္ဓာကိုယ်အပေါ်မှာ ကိုယ်တိုင် ထိန်းချုပ်ခွင့်ပျောက်ဆုံးသွားမှုတွေနဲ့ မိမိဘဝတစ်ခုလုံး ပြောင်းလဲသွားမယ့် ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုလည်း ဖြစ်နိုင်ပါတယ်။ ကလေးထိန်းကျောင်းခြင်းဆိုတာ ချစ်ခြင်းမေတ္တာရဲ့ အလုပ်တစ်ခု ဖြစ်နိုင်ပေမယ့်လည်း အဆုံးသတ်မရှိတဲ့ ပင်ပန်းနွမ်းနယ်မှုတွေ၊ ကိုယ်ပိုင်အချိန်တွေ ပျောက်ဆုံးသွားမှုနဲ့ ကိုယ်ပိုင်ရည်ရွယ်ချက်တွေကို နောက်တန်းကို ရွှေ့လိုက်ရတာမျိုးလည်း ဖြစ်နိုင်ပါသေးတယ်။

ဒါကြောင့်မို့လို့ “ကလေးရလာရင် မိန်းမတစ်ယောက်ရဲ့ဘဝဟာ ပြည့်စုံသွားပြီ” ဆိုတဲ့ အယူအဆကို ဘိုဗွားက လုံးဝ လက်မခံပါဘူး။ ဒီအယူအဆဟာ မိခင်ဘဝရဲ့ လက်တွေ့မှာ ကြုံတွေ့ရတဲ့ ရှုပ်ထွေးမှုတွေကို ဖုံးကွယ်ထားရာ ရောက်ပါတယ်။ မိခင်ဖြစ်ခြင်းဆိုတာ အမျိုးသမီးတိုင်းအတွက် တူညီတဲ့ ပျော်ရွှင်မှုတစ်ခု မဟုတ်ပါဘူး။ အမျိုးသမီးတစ်ယောက်ရဲ့ အခြေအနေ၊ ဆန္ဒ၊ စီးပွားရေးအရ လွတ်လပ်မှု၊ ခင်ပွန်းသည်နဲ့ ဆက်ဆံရေး၊ လူမှုရေးအရ အထောက်အပံ့ရရှိမှု၊ ပြီးတော့ ဒီကိုယ်ဝန်ဟာ တကယ်ရွေးချယ်ထားတဲ့အရာလား ဒါမှမဟုတ် မရွေးချယ်ဘဲ ဖြစ်လာတဲ့အရာလားဆိုတဲ့ အချက်တွေ အားလုံးကသာ မိခင်ဘဝရဲ့ အဓိပ္ပါယ်ကို ပြောင်းလဲသွားစေတာ ဖြစ်ပါတယ်။ ဘိုဗွားရဲ့ အမြင်မှာတော့ မိခင်ဘဝကို တကယ်တန်ဖိုးရှိစေမယ့် အရာက ဒါကို မဖြစ်မနေ လက်ခံရမယ့် ကံကြမ္မာတစ်ခုအနေနဲ့ မဟုတ်ဘဲ လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိတဲ့ တာဝန်တစ်ခု ဖြစ်နိုင်ခြင်းကသာ အဓိကကျပါတယ်။

ဒီနေရာမှာ ဘိုဗွားရဲ့ ဝေဖန်ထောက်ပြချက်က အလွန်ကို တိကျလှပါတယ်။ မိခင်ဘဝကို အင်မတန် မြင့်မြတ်ပါတယ်ဆိုပြီး ပြောဆိုနေကြတဲ့ လူ့အဖွဲ့အစည်းဟာ မိခင်တစ်ယောက်ရဲ့ လွတ်လပ်ခွင့်ကိုတော့ အမြဲတမ်း အသိအမှတ်ပြု ပေးလေ့မရှိပါဘူး။ မိခင်ဆိုတဲ့ နာမည်တစ်ခုတည်းနဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အချိန်တွေကို ကလေးအတွက် သဘာဝအလျောက် ပေးဆပ်ရမယ့်အရာတစ်ခုလိုမျိုး သတ်မှတ်ထားတတ်ပါတယ်။ သူမရဲ့ ခန္ဓာကိုယ်ကို မျိုးပွားဖို့၊ သူမရဲ့ စိတ်ခံစားမှုတွေကို သည်းခံပေးဖို့၊ ပြီးတော့ သူမရဲ့ ကိုယ်ပိုင်ဆန္ဒတွေကို နောက်တန်းထားဖို့ အမြဲတမ်း တောင်းဆိုနေတတ်ပါတယ်။ ဒီလိုမျိုး အနစ်နာခံမှုတွေကို “မိခင်မေတ္တာ” ဆိုပြီး နာမည်တပ်ပေးလိုက်တဲ့အခါမှာတော့ ပေးဆပ်လိုက်ရတဲ့ အမျိုးသမီးရဲ့ ဒုက္ခတွေဟာ မကြာခဏဆိုသလို လူတွေရဲ့ မျက်စိအောက်မှာ ပျောက်ကွယ်သွားတတ်ပါတယ်။

ဘိုဗွားက မိခင်ဘဝကို ပယ်ချပစ်ရမယ်လို့ ပြောနေတာ မဟုတ်ပါဘူး။ သူမ ဆိုလိုတာက မိခင်ဘဝဆိုတာ အမျိုးသမီးတစ်ယောက်ရဲ့ လွတ်လပ်တဲ့ ရွေးချယ်မှုတစ်ခု ဖြစ်လာမှသာ အဓိပ္ပါယ်အပြည့်အဝ ရှိနိုင်မယ်ဆိုတဲ့ အချက်ကိုပါ။ မိခင်ဖြစ်ခြင်းကို မရွေးချယ်နိုင်တဲ့အခွင့်အရေး၊ မဖြစ်ချင်ဘူးဆိုရင် ပယ်ချနိုင်တဲ့ အခွင့်အရေး၊ ဖြစ်ချင်တယ်ဆိုရင်တောင် ကိုယ့်ရဲ့အခြေအနေပေါ် မူတည်ပြီး ဆုံးဖြတ်နိုင်ခွင့် မရှိတဲ့အခါမှာတော့ မိခင်ဘဝဟာ လွတ်လပ်တဲ့ တာဝန်တစ်ခု မဟုတ်တော့ဘဲ မိန်းမခန္ဓာကိုယ်အပေါ်မှာ အတင်းအကျပ် သတ်မှတ်ထားတဲ့ လူမှုရေးတာဝန်ကြီးတစ်ခု ဖြစ်လာပါတော့တယ်။ အဲဒီအခါမှာ ကလေးတစ်ယောက်ဟာ ချစ်ခြင်းမေတ္တာရဲ့ အသီးအပွင့်တစ်ခု ဖြစ်လာနိုင်ပေမယ့် မိခင်အတွက်ကတော့ သူမရဲ့ ကိုယ်ပိုင်ဘဝ ပျောက်ကွယ်သွားရခြင်းရဲ့ အကြောင်းရင်းခံတစ်ခုလည်း ဖြစ်သွားနိုင်ပါတယ်။

ချစ်သူဘဝ၊ အိမ်ထောင်ရှင်မဘဝနဲ့ မိခင်ဘဝဆိုတာတွေကို တစ်ဆက်တည်း ဖတ်ကြည့်လိုက်မယ်ဆိုရင်တော့ ဘိုဗွားရဲ့ အယူအဆတွေဟာ ပိုပြီး ရှင်းလင်းလာမှာပါ။ ပထမအဆင့်မှာ မိန်းမတစ်ယောက်ကို ချစ်သူယောက်ျားရဲ့ အထဲမှာပဲ ကိုယ့်ရဲ့အဓိပ္ပါယ်ကို ရှာဖွေစေပါတယ်။ ဒုတိယအဆင့်မှာတော့ အဲဒီချစ်ခြင်းမေတ္တာကို အိမ်ထောင်ရေးဆိုတဲ့ အဖွဲ့အစည်းကြီးထဲကို သွတ်သွင်းလိုက်ပြန်ပါတယ်။ တတိယအဆင့်ကို ရောက်တဲ့အခါမှာတော့ အဲဒီအိမ်ထောင်ရေးထဲကနေ ပေးဆပ်မှုတွေကို မိခင်ဘဝဆိုတဲ့ မြင့်မြတ်လှတဲ့ နာမည်တစ်ခုနဲ့ ပိုပြီးတော့ ခိုင်မာသွားအောင် လုပ်ဆောင်လိုက်ပြန်ပါတယ်။ ဒီလမ်းကြောင်း တစ်လျှောက်လုံးမှာ မိန်းမတစ်ယောက်ဟာ ကိုယ်ပိုင်ရပ်တည်ချက်ရှိတဲ့ ပုဂ္ဂလဓိဋ္ဌာန် (Subject) တစ်ဦးအနေနဲ့ ရပ်တည်ခွင့်ရဖို့ထက် အခြားသူတွေရဲ့ ဘဝကို ဖြည့်ဆည်းပေးရမယ့်သူ တစ်ဦးအနေနဲ့သာ တဖြည်းဖြည်း နေရာချထားခံလိုက်ရတာ ဖြစ်ပါတယ်။

ဘိုဗွားရဲ့ ဝေဖန်ချက်ဟာ ချစ်သူမထားနဲ့၊ ယောင်္ကျားမယူနဲ့၊ ကလေးအးမမွေးနဲ့ ဆိုပြီး ဒီလိုဘဝမျိုးတွေကို မဖြစ်မနေ ပယ်ချပစ်ရမယ်လို့ ဆိုလိုနေခြင်း မဟုတ်ပါဘူး။ ချစ်ခြင်းမေတ္တာကိုလည်း သူမက ဖျက်သိမ်းပစ်တာ မဟုတ်ပါဘူး။ အိမ်ထောင်ရေးကိုလည်း အလိုအလျောက် အကျဉ်းထောင်တစ်ခုလို့ မဆိုထားသလို၊ မိခင်ဘဝကိုလည်း တန်ဖိုးမရှိတဲ့ အတွေ့အကြုံတစ်ခုအနေနဲ့ မသတ်မှတ်ထားပါဘူး။ သူမ တကယ် ဝေဖန်နေတာက ဒီလိုဘဝတွေကို အမျိုးသမီးတစ်ယောက်ရဲ့ မဖြစ်မနေ သွားရမယ့် လမ်းကြောင်းတစ်ခုအဖြစ် သတ်မှတ်ထားတဲ့ လူမှုစနစ်ကြီးကိုသာ ဖြစ်ပါတယ်။ မိန်းမတစ်ယောက် ချစ်နိုင်ပါတယ်။ အိမ်ထောင်ပြုနိုင်ပါတယ်။ မိခင်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီအရာတွေဟာ သူမကို လူသားတစ်ဦးအနေနဲ့ ပိုပြီး ပြည့်ဝလာစေမယ့် ရွေးချယ်မှုတွေသာ ဖြစ်သင့်ပါတယ်။ သူမရဲ့ ကိုယ်ပိုင်ဘဝကို ဖျက်သိမ်းပစ်ပြီး အခြားသူတွေအတွက်သာ အဓိပ္ပါယ်ရှိစေမယ့် ကံကြမ္မာတွေ မဖြစ်သင့်ပါဘူး။

ဒါကြောင့်မို့လို့ ဘိုဗွားရဲ့ အဓိက ဆိုလိုရင်းအချက်ဟာ ပယ်ချခြင်းသက်သက် မဟုတ်ဘဲ ရွေးချယ်နိုင်ခွင့် (Choice) ရှိခြင်းသာ ဖြစ်ပါတယ်။ အမျိုးသမီးတစ်ယောက်မှာ ချစ်သူဘဝကို ရွေးချယ်ခွင့် ရှိရပါမယ်။ မရွေးချယ်ချင်ဘူးဆိုရင်လည်း အခွင့်အရေး ရှိရပါမယ်။ အိမ်ထောင်ရှင်မဘဝကို ရွေးချယ်ခွင့် ရှိရသလို၊ ပယ်ချခွင့်လည်း ရှိနေရပါမယ်။ မိခင်ဘဝကို လက်ခံခွင့် ရှိရသလို၊ မလိုချင်ရင် မရွေးချယ်ခွင့်လည်း အပြည့်အဝ ရှိရပါမယ်။ လွတ်လပ်စွာ ရွေးချယ်ခွင့် မရှိတော့တဲ့အခါ ချစ်ခြင်းမေတ္တာဟာ ပူဇော်သက္ကာရပြုခြင်းတစ်ခု ဖြစ်သွားနိုင်ပါတယ်။ အိမ်ထောင်ရေးဟာလည်း ချည်နှောင်မှုတစ်ခု ဖြစ်လာနိုင်ပါတယ်။ မိခင်ဘဝဆိုတာလည်း မြင့်မြတ်တဲ့နာမည် တပ်ထားတဲ့ အနစ်နာခံမှု သက်သက် ဖြစ်လာပါလိမ့်မယ်။ ဘိုဗွားရဲ့ The Second S*x စာအုပ်ထဲက ဒီအပိုင်းတွေဟာ အမျိုးသမီးတွေရဲ့ဘဝကို လမ်းကြောင်းတစ်ကြောင်းတည်းရှိတဲ့ ကံကြမ္မာ (Destiny) တစ်ခုအဖြစ် သတ်မှတ်ထားခြင်းကို ချိုးဖောက်လိုက်ပြီး၊ ဒီဘဝအဆင့်ဆင့် အားလုံးကို လွတ်လပ်စွာ ရွေးချယ်နိုင်တဲ့ လူသားဘဝရဲ့ အတွေ့အကြုံတွေအဖြစ် ပြန်လည်ရှုမြင်နိုင်အောင် လမ်းစဖွင့်ပေးထားတာပဲ ဖြစ်ပါတယ်။ ဒီစာအုပ်ထဲက ဘိုဗွားရဲ့မေးခွန်းတွေက “အမျိုးသမီးတစ်ယောက် ချစ်သင့်သလား၊ အိမ်ထောင်ပြုသင့်သလား၊ မိခင်ဖြစ်သင့်သလား” ဆိုတာတွေမဟုတ်ပါဘူး။ သူမေးနေတာတွေက အဲ့ဒီဘဝတွေထဲကို ဝင်ရောက်သွားတဲ့အခါ အမျိုးသမီးတစ်ယောက်ဟာ လွတ်လပ်သော subject အဖြစ် ဆက်လက်တည်ရှိနိုင်သလား၊ မရွေးချယ်လိုလျှင် မရွေးချယ်နိုင်ခွင့် တကယ်ရှိသလားဆိုတာတွေပဲ ဖြစ်ပါတယ်။

#ဆီမုံဒီဘိုဗွား
#ဒုတိယလိင်
#ဖီးမနစ်ဇင်

09/07/2026

ဈေးကွက် (Market) ဆိုတာ ကုန်ပစ္စည်းတွေ ရောင်းဝယ်ဖောက်ကားတဲ့ နေရာတစ်ခုတည်းတင် မဟုတ်ဘဲ လူတွေရဲ့ စိတ်ဝင်စားမှု၊ ယုံကြည်မှု၊ လိုချင်တပ်မက်စိတ်နဲ့ အခွင့်အရေးတစ်ခုကို လက်လွတ်သွားမှာ စိုးရိမ်တဲ့ ခံစားချက်တွေ အားပြိုင်အလုပ်လုပ်နေတဲ့ စိတ်ပညာနယ်ပယ်တစ်ခုလို့ ပြောလို့ရပါတယ်။ ပစ္စည်းတစ်ခုဟာ တကယ်ပဲ တန်ဖိုးရှိလွန်းလို့ လူတွေ လိုချင်ကြတာမျိုး ရှိသလို၊ ရှားပါးတယ်လို့ ထင်ယောင်ထင်မှား ဖြစ်လာတဲ့အခါ ပိုပြီး ပိုင်ဆိုင်ချင်လာတာမျိုးလည်း ရှိပါတယ်။ ဒီသဘောတရားကို စိတ်ပညာရှင် ရောဘတ် ချီအယ်လ်ဒီနီ (Robert Cialdini) ရေးသားခဲ့တဲ့ “Influence: The Psychology of Persuasion” စာအုပ်ထဲက ရှားပါးမှု သဘောတရား (Scarcity Principle) မှာ ရှင်းလင်းစွာ မြင်တွေ့နိုင်ပါတယ်။ Scarcity Principle ဆိုတာကို အရိုးရှင်းဆုံး ပြောရမယ်ဆိုရင် လူတွေဟာ တစ်စုံတစ်ခုကို ရဖို့ ခက်ခဲတယ်၊ အရေအတွက် အကန့်အသတ်ရှိတယ်၊ အချိန်ကန့်သတ်ချက် (Time limitation) ပါလာတယ် ဒါမှမဟုတ် နောက်ထပ် လုံးဝမရနိုင်တော့ဘူးလို့ ခံစားလိုက်ရတဲ့အခါ အဲဒီအရာကို ပုံမှန်ထက် ပိုပြီး တန်ဖိုးထားလာတတ်တဲ့ သဘောတရားပဲ ဖြစ်ပါတယ်။ တစ်ခါတရံမှာ လူတစ်ယောက်ဟာ ပစ္စည်းတစ်ခုကို တကယ် လိုအပ်လို့ ဝယ်ယူတာထက် နောက်တစ်ခါ မရနိုင်တော့ဘူးဆိုတဲ့ ကြောက်ရွံ့စိတ်ကြောင့်သာ ဝယ်ချင်လာတတ်ကြပြီး ပစ္စည်းရဲ့ တကယ့်တန်ဖိုးကို အေးအေးဆေးဆေး ချိန်ဆစဉ်းစားတာထက် လက်လွတ်သွားမှာကို အရင်ဆုံး စိုးရိမ်သွားတတ်တဲ့ လူ့စိတ်ရဲ့ အားနည်းချက်ကို ထောက်ပြထားတာပါ။

ဒီသဘောတရား လက်တွေ့ ဘယ်လို အလုပ်လုပ်သလဲဆိုတာကို ဥပမာအားဖြင့် ကျွန်တော့စားဝတ်နေရေး အလုပ်အကိုင်အဖြစ် နေ့စဉ်ထိတွေ့နေရတဲ့ စာအုပ်အဟောင်း ဈေးကွက် (Second-hand book market) ထဲမှာတင် ရှင်းရှင်းလင်းလင်း တွေ့နိုင်ပါတယ်။ စာအုပ်အဟောင်းလောကမှာ တကယ်ကို ရှားပါးတဲ့စာအုပ်တွေ (Rare books) ဆိုတာ ရှိပါတယ်။ ဥပမာအားဖြင့် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ပုံနှိပ်ထုတ်ဝေခဲ့ပြီး အုပ်ရေအလွန်နည်းပါးခဲ့တဲ့ စာအုပ်တွေ၊ စာရွက်စာတမ်း အခြေအနေ ကောင်းကောင်းနဲ့ ပြန်တွေ့ဖို့ မလွယ်ကူတော့တဲ့အပြင် နောက်ထပ် ပြန်လည်ပုံနှိပ်ထုတ်ဝေဖို့ (Reprint) လည်း လုံးဝ မဖြစ်နိုင်တော့တဲ့ စာအုပ်မျိုးတွေမှာ ရှားပါးမှုတန်ဖိုး (Scarcity value) အစစ်အမှန် ရှိနေတာကိုတော့ ငြင်းပယ်လို့ မရပါဘူး။ ဒီလိုအခြေအနေမှာ စာအုပ်တစ်အုပ်ရဲ့ တန်ဖိုး (Value) ဟာ သူ့အထဲမှာ ပါဝင်တဲ့ အကြောင်းအရာသက်သက်ကြောင့်သာ မဟုတ်တော့ဘဲ ထုတ်ဝေခဲ့တဲ့ သမိုင်းကြောင်း၊ လက်ရှိ ရရှိနိုင်မှု အခြေအနေ၊ ဖြတ်သန်းခဲ့ရတဲ့ အချိန်ကာလနဲ့ စာဖတ်သူတွေရဲ့ သမိုင်းမှတ်ဉာဏ်ထဲမှာ နေရာယူထားနိုင်မှု စတဲ့ အချက်တွေအပေါ် မူတည်ပြီး မြင့်တက်လာတတ်ပါတယ်။ ဒါပေမယ့် ဒီနေရာမှာ သတိထားရမယ့် ပြဿနာက တကယ်ရှားပါးတဲ့ စာအုပ်နဲ့ ရှားပါးသယောင် ဖန်တီးပြောဆိုထားတဲ့ စာအုပ်တွေကြားက ခွဲခြားရခက်တဲ့ မျဉ်းပါးပါးလေး စတင်လာတဲ့ အခိုက်အတန့်ပဲ ဖြစ်ပါတယ်။

တချို့စာအုပ်တွေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခု နှစ်ခုလောက်က ထွက်ရှိခဲ့တာ မှန်ကန်ပေမယ့် အသစ်ဈေးကွက်ထဲမှာ လွယ်လွယ်ကူကူ မတွေ့ရတော့ရုံကလွဲလို့ စာဖတ်သူ အများစုရဲ့ လက်ထဲမှာရော၊ စာအုပ်အဟောင်း ရောင်းချသူတွေဆီမှာပါ လုံးဝ ပျောက်ကွယ်သွားတာမျိုး မဟုတ်ဘဲ တစ်နေရာမဟုတ် တစ်နေရာမှာ ရှာဖွေတွေ့ရှိနိုင်သေးတဲ့ အခြေအနေမှာ ရှိနေပါတယ်။ အဲဒီလို ရှာရင်ရနိုင်သေးတဲ့ စာအုပ်မျိုးတွေကိုပဲ ရောင်းချသူတွေဘက်က “အုပ်ရေ ၅၀၀ သာ ထုတ်ဝေခဲ့တာ”၊ “အသစ်ဈေးကွက်မှာ လုံးဝ မရနိုင်တော့ဘူး”၊ “ပြန်ထွက်ဖို့ အလားအလာ မရှိဘူး”၊ “လိုချင်တဲ့အချိန် ရှာလို့မရတဲ့ စာအုပ်မျိုး” စတဲ့ စကားလုံးတွေနဲ့ ဝိုင်းဝန်းပုံဖော်လိုက်တဲ့အခါ စာအုပ်ရဲ့ အမှန်တကယ် ရှားပါးမှုထက် ဝယ်ယူသူရဲ့ စိတ်ထဲမှာ ခံစားရတဲ့ ရှားပါးမှုက ပိုပြီး ကြီးမားလာပါတယ်။ ဒီ့အပြင် “ဒီစာအုပ်ကိုသာ လက်လွတ်ခံလိုက်ရင် အရမ်းနစ်နာသွားလိမ့်မယ်” ဆိုတဲ့ သွယ်ဝိုက်သော ဖိအားပေးမှု (Implicit pressure) ကိုပါ ထည့်သွင်းလိုက်တဲ့အခါ ဝယ်သူရဲ့ စိတ်ထဲမှာ ပညာရပ်ဆိုင်ရာ တန်ဖိုး၊ ရှားပါးမှုကြောင့် ဖြစ်လာတဲ့ တန်ဖိုးနဲ့ နောက်ကျသွားရင် ဆုံးရှုံးရတော့မယ်ဆိုတဲ့ ကြောက်ရွံ့မှု (Fear of loss) တွေ အားလုံး ရောထွေးသွားပါတော့တယ်။ အဲဒီအချိန်ရောက်ရင် ဝယ်သူအနေနဲ့ ဒီစာအုပ်ကို တကယ် ဖတ်ချင်လွန်းလို့ ဝယ်တာလား၊ အကြောင်းအရာကို တကယ် လိုအပ်နေလို့ ဝယ်တာလား၊ ဒါမှမဟုတ် “နောက်တစ်ခါ မရတော့ရင် ဘယ်လိုလုပ်မလဲ” ဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ ဖိအား (Psychological pressure) ကြောင့်ပဲ ဝယ်လိုက်တာလား ဆိုတာကို သူကိုယ်တိုင်တောင် ရှင်းရှင်းလင်းလင်း မသိနိုင်တော့ဘဲ၊ စာအုပ်ကို မဖတ်ရသေးခင်မှာတင် အဆိုပါစာအုပ်ဟာ သူ့စိတ်ထဲမှာ ရှားပါးပစ္စည်းတစ်ခုအဖြစ် အလိုအလျောက် အသွင်ပြောင်းသွားတာဟာ Scarcity Principle ရဲ့ တကယ့် အလုပ်လုပ်ပုံပဲ ဖြစ်ပါတယ်။

ဒီလို ပြောတဲ့အတွက် စာအုပ်ရောင်းချသူ အားလုံးကို အပြစ်တင်ချင်တာမျိုးတော့ လုံးဝ မဟုတ်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ စာအုပ်ရောင်းချခြင်းဆိုတာလည်း ဈေးကွက်ယန္တရား (Market mechanism) တစ်ခုဖြစ်တဲ့အတွက် ရောင်းသူဘက်က ကိုယ့်ပစ္စည်းရဲ့ အားသာချက်ကို ထုတ်ဖော်ပြောဆိုတာဟာ သဘာဝကျတဲ့ ကိစ္စတစ်ခု ဖြစ်လို့ပါပဲ။ တကယ် ရှားပါးတဲ့စာအုပ်ကို ရှားပါးကြောင်း အချက်အလက်ခိုင်ခိုင်လုံလုံနဲ့ ပြောဆိုတာဟာ အမှားအယွင်း မရှိပေမယ့်၊ ပြဿနာရဲ့ အရင်းအမြစ်က ရှားပါးမှုကို အချက်အလက် (Fact) တစ်ခုအနေနဲ့ ဝယ်သူကို သတင်းပေးတာနဲ့ ရှားပါးမှုကို အသုံးချပြီး ဝယ်သူအပေါ် စိတ်ပိုင်းဆိုင်ရာ ဖိအား (Psychological pressure) တစ်ခုအဖြစ် ဖန်တီးတာ မတူညီတဲ့ နေရာမှာ စတင်ပါတယ်။ အချက်အလက်အနေနဲ့ ပြောဆိုခြင်းဟာ ဝယ်သူကို ပစ္စည်းရဲ့ အခြေအနေမှန်ကို သိရှိစေချင်တဲ့ ရည်ရွယ်ချက်ဖြစ်ပြီး၊ ဖိအားအဖြစ် ဖန်တီးခြင်းကတော့ ဝယ်သူကို အေးအေးဆေးဆေး စဉ်းစားချင့်ချိန်နိုင်စွမ်း မရှိတော့အောင် အလျင်စလို ဆုံးဖြတ်ချက်ချဖို့ (Impulsive decision) တွန်းအားပေးတာ ဖြစ်ပါတယ်။ ဒီနှစ်ခုကြားက ကွာဟချက်ဟာ သေးငယ်သယောင် ထင်ရပေမယ့် အလွန် အရေးကြီးတဲ့ ကွဲပြားချက် ဖြစ်ပြီး “ဒီစာအုပ်က ရှာရခက်တယ်” ဆိုတဲ့ အသိပေးမှုနဲ့ “အခုမယူရင် သင် နစ်နာသွားမယ်” ဆိုတဲ့ ခြိမ်းခြောက်မှုဆန်ဆန် စကားရပ်တို့ဟာ လုံးဝကို မတူညီပါဘူး။ ပထမတစ်ခုက မှန်ကန်တဲ့ သတင်းအချက်အလက် ပေးဝေခြင်း (Information delivery) ဖြစ်ပြီး ဒုတိယတစ်ခုကတော့ ဝယ်သူရဲ့ စိတ်ကို အသုံးချကာ ခြယ်လှယ်ခြင်း (Psychological manipulation) ဖြစ်နိုင်ခြေ များပါတယ်။

စာအုပ်အဟောင်း ဈေးကွက်ထဲက ဒီလို အဖြစ်အပျက်လေးဟာ တကယ်တော့ ပိုမို ကျယ်ပြန့်ရှုပ်ထွေးလှတဲ့ ခေတ်သစ် ဈေးကွက်ကြီး (Modern market) တစ်ခုလုံးရဲ့ ပုံစံငယ်လေးတစ်ခုသာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အွန်လိုင်းပေါ်မှာ ပစ္စည်းတစ်ခုခုကို ဝင်ရောက်ကြည့်ရှုလိုက်တဲ့အခါ “လက်ကျန် ၂ ခုသာ ရှိတော့သည်” ဆိုတဲ့ စာသားမျိုးတွေကို မကြာခဏ မြင်တွေ့ရတတ်သလို၊ အရောင်းပရိုမိုးရှင်း (Sale promotion) တစ်ခုခုမှာဆိုရင်လည်း အချိန်မှတ်နာရီ (Countdown timer) ကြီးနဲ့ “၃ နာရီသာ ကျန်တော့သည်” လို့ အထင်းသား ပြသထားတာတွေကို တွေ့ရပါလိမ့်မယ်။ ဒါ့အပြင် တချို့သော ကုန်ပစ္စည်းတွေမှာ “ကန့်သတ်ထုတ်ဝေမှု” (Limited edition)၊ “သီးသန့် အခွင့်အရေး” (Exclusive offer)၊ “အသင်းဝင်များအတွက်သာ” (Member only)၊ “နောက်ဆုံး အခွင့်အရေး” (Last chance) စတဲ့ ဆွဲဆောင်မှုရှိတဲ့ စကားလုံးတွေကို အသုံးပြုလာကြပါတယ်။ ဒီလို စကားလုံးတွေဟာ တစ်ခါတရံမှာ ကုန်ပစ္စည်းနဲ့ ပတ်သက်တဲ့ အမှန်တကယ် သတင်းအချက်အလက်ကို ပေးနေတာ ဖြစ်နိုင်ပေမယ့်၊ တစ်ချိန်တည်းမှာပဲ ဝယ်သူရဲ့ စိတ်ကို အလျင်စလို ဖြစ်လာအောင်၊ ချက်ချင်း မဝယ်ရင် လက်လွတ်ဆုံးရှုံးသွားတော့မယ်ဆိုတဲ့ အသိမျိုး ဝင်လာအောင် မသိမသာ တွန်းအားပေးနေတဲ့ လှုံ့ဆော်မှု (Stimulus) တွေလည်း ဖြစ်နေတတ်ပါတယ်။ ခေတ်သစ် ဈေးကွက်ယန္တရားဟာ ကုန်ပစ္စည်း သက်သက်ကိုသာ ရောင်းချနေတာ မဟုတ်တော့ဘဲ ပစ္စည်းနဲ့အတူ အချိန်ကန့်သတ်ချက်ကြောင့် ဖြစ်ပေါ်လာတဲ့ ဖိအား (Time pressure) နဲ့ ရှားပါးမှုကြောင့် ဖြစ်ပေါ်လာတဲ့ ခံစားချက် (Feeling of scarcity) ကိုပါ တစ်ပါတည်း တွဲဖက်ရောင်းချလာတာ ဖြစ်ပါတယ်။ လူတစ်ယောက်အနေနဲ့ ပစ္စည်းတစ်ခုကို တကယ် လိုချင်တဲ့ဆန္ဒနဲ့ အခွင့်အရေးတစ်ခုကို လက်လွတ်သွားမှာ ကြောက်ရွံ့တဲ့ စိုးရိမ်စိတ်တို့ဟာ လုံးဝ မတူညီပေမယ့်၊ ဈေးကွက်ကတော့ အဲဒီ စိတ်ခံစားမှု နှစ်ခုလုံးကို ရောထွေးသွားအောင် ကျွမ်းကျင်စွာ အသုံးချတတ်ပြီး “ဒီပစ္စည်းက သင့်အတွက် လိုအပ်တယ်” လို့ ယုတ္တိကျကျ ပြောတာထက် “အခုမယူရင် နောက်မရနိုင်တော့ဘူး” လို့ အရေးပေါ် အခြေအနေ (Urgency) ဖန်တီးပြောဆိုတာက လူ့စိတ်ကို ပိုပြီး လျင်လျင်မြန်မြန် တုံ့ပြန်လှုပ်ရှားစေတယ်ဆိုတာကို ကောင်းကောင်း သဘောပေါက်ထားကြပါတယ်။

ဒီလို Scarcity Principle ကို စီးပွားရေးအရ အသုံးချတာတိုင်းကို အမြဲတမ်း လိမ်လည်မှု (Fraud) လို့တော့ ပုံသေကားချပ် သတ်မှတ်လို့ မရပါဘူး၊ တကယ်တမ်း ဈေးကွက်ထဲမှာ ကုန်ပစ္စည်း အရေအတွက် နည်းပါးနေတာမျိုး၊ အချိန်ကန့်သတ်ထားတဲ့ အရောင်းအစီအစဉ် အမှန်တကယ် ရှိနေတာမျိုးတွေ ရှိနိုင်သလို၊ Limited edition ပစ္စည်းတွေ၊ ထုတ်လုပ်မှုစရိတ် ကြီးမားလို့ နည်းနည်းသာ ထုတ်လုပ်တဲ့ ပစ္စည်းတွေနဲ့ ပြန်လည်ထုတ်လုပ်ဖို့ မလွယ်ကူတဲ့ ပစ္စည်းတွေမှာ ရှားပါးမှုတန်ဖိုး (Scarcity value) အစစ်အမှန် ရှိနေတတ်ပါတယ်။ ပြဿနာက ရှားပါးမှုကို အမှန်တကယ် ရှိနေတဲ့ အခြေအနေ (Actual condition) အတိုင်း ပွင့်ပွင့်လင်းလင်း ပြောဆိုတာနဲ့ ရှားပါးမှုကို အတုအယောင် အရေးပေါ်အခြေအနေ (False urgency) တစ်ခုအဖြစ် ဖန်တီးတာ မတူညီတဲ့ နေရာမှာ စတင်ပါတယ်။ အဲဒီလို အတုအယောင် ဖန်တီးတဲ့ အဆင့်ကနေ နောက်တစ်ဆင့်ကို ထပ်မံ ကျော်လွန်သွားတဲ့အခါမှာတော့ အလွန်အန္တရာယ်များတဲ့ အွန်လိုင်းလိမ်လည်မှုတွေ (Online scams) ဆီကို ရောက်ရှိသွားပါတော့တယ်။ အွန်လိုင်းလိမ်လည်သူ (Scammers) တွေဟာ လူ့စိတ်ရဲ့ ဒီလို အားနည်းချက်နဲ့ အလုပ်လုပ်ပုံကို အလွန် ကောင်းကောင်း နားလည်ထားကြပြီး သူတို့ရဲ့ အဓိက ရည်ရွယ်ချက်က သားကောင်ဖြစ်လာမယ့် လူတစ်ယောက်ကို အေးအေးဆေးဆေး စဉ်းစားချင့်ချိန်ဖို့ (Critical thinking) အချိန်မပေးဘဲ၊ စဉ်းစားချိန် လုံးဝ မရအောင် ဖိအားပေးဖို့ပဲ ဖြစ်ပါတယ်။

အဲဒါကြောင့်ပဲ သူတို့တွေက “အခုချက်ချင်း ငွေမလွှဲရင် အကောင့် ပိတ်သွားမယ်”၊ “ဒီ လင့်ခ် (Link) ကို ၅ မိနစ်အတွင်း နှိပ်ပါ”၊ “သင်တစ်ဦးတည်းသာ အထူး ရွေးချယ်ခံရတာပါ”၊ “ဒီလို အခွင့်အရေးမျိုး နောက်တစ်ကြိမ် လုံးဝ မရနိုင်တော့ဘူး”၊ “အခုချက်ချင်း လုပ်ဆောင်မှု (Action) မယူရင် အကုန် ဆုံးရှုံးသွားလိမ့်မယ်” စတဲ့ အရေးပေါ် ဆန်လွန်းတဲ့ စကားလုံးမျိုးတွေကို အသုံးပြုပြီး ခြိမ်းခြောက် ဆွဲဆောင်တတ်ကြပါတယ်။ ဒီလို စကားရပ်တွေထဲမှာ အမှန်တကယ် ယုတ္တိရှိတဲ့ အချက်အလက် (Logical facts) တွေထက် စိတ်ပိုင်းဆိုင်ရာ ဖိအား (Psychological pressure) က ပိုမို ကြီးမားနေပြီး၊ အဲဒီအထဲမှာ ကြောက်ရွံ့စိတ် (Fear)၊ လောဘစိတ် (Greed)၊ အချိန်ဖိအား (Time pressure) နဲ့ ရှားပါးမှု (Scarcity) တွေ အားလုံး စုပြုံပါဝင်နေတဲ့အပြင်၊ မိမိကိုယ်ကို အထူးရွေးချယ်ခံရသူ (Chosen one) တစ်ယောက်လို ထင်မှတ်သွားစေတဲ့ လှုံ့ဆော်မှုတွေလည်း ပါဝင်နေတဲ့အတွက် လူတစ်ယောက်ရဲ့ သဘာဝအတိုင်း ရှိနေတတ်တဲ့ သံသယစိတ် (Skepticism) ဟာ ခဏတာအတွင်းမှာပဲ အလွယ်တကူ လျော့ကျသွားတတ်ပါတယ်။ အဲဒီလို အချိန်မျိုးမှာ “ဒါဟာ တကယ်ပဲ မှန်ကန်ရဲ့လား” လို့ ကျိုးကြောင်းဆီလျော်စွာ စစ်ဆေးမေးမြန်းမယ့် အစား “ငါသာ နောက်ကျသွားရင် ဒီအခွင့်အရေးကြီး ဆုံးရှုံးသွားတော့မှာပဲ” လို့ အရင်ဆုံး တွေးတောမိသွားအောင် လူ့စိတ်ကို ကြိုးကိုင်ခြယ်လှယ်လိုက်တာပဲ ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ အွန်လိုင်း လိမ်လည်မှုတွေ အလွယ်တကူ အောင်မြင်နေတာဟာ ခံရတဲ့သူတွေက ဉာဏ်ရည်မမီလို့၊ သို့မဟုတ် မိုက်မဲလွန်းလို့ ဆိုတဲ့ အကြောင်းပြချက် တစ်ခုတည်းကြောင့် မဟုတ်ဘဲ၊ လူ့စိတ်ရဲ့ သဘာဝကိုက ကြီးမားတဲ့ ဖိအားတွေအောက်ကို ရောက်သွားတဲ့အခါ အကောင်းဆုံးနဲ့ အမှန်ကန်ဆုံး စဉ်းစားဆုံးဖြတ်နိုင်စွမ်း (Rational decision making) မရှိတော့ဘူးဆိုတဲ့ အချက်ကြောင့်လည်း အများကြီး ပါဝင်ပါတယ်။ လိမ်လည်သူတွေဟာ လူတစ်ယောက်ရဲ့ နည်းပညာ ဗဟုသုတ နည်းပါးမှု၊ မသိနားမလည်မှုကိုပဲ သက်သက် ပစ်မှတ်ထား တိုက်ခိုက်တာ မဟုတ်ဘဲ၊ လူ့စိတ်ဦးနှောက်ရဲ့ သဘာဝအတိုင်း အလွယ်တကူ ဆုံးဖြတ်တတ်တဲ့ ဖြတ်လမ်းနည်းတွေ (Cognitive shortcuts/Heuristics) ကိုပါ အဓိကထား တိုက်ခိုက်ကြတာ ဖြစ်ပါတယ်။ အချိန် အလွန်နည်းပါးနေပြီလို့ စိတ်က ခံစားလိုက်ရတဲ့အခါ လူ့ဦးနှောက် (Human brain) ဟာ အချက်အလက်တွေကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာ စစ်ဆေးခြင်း (Analytical thinking) ထက် အသက်အန္တရာယ်ကနေ လွတ်မြောက်အောင် ပြေးသလိုမျိုး ချက်ချင်း လက်ငင်း တုံ့ပြန်ခြင်း (Immediate response) ကိုသာ ပိုပြီး ရွေးချယ်တတ်တဲ့ သဘာဝရှိပြီး အဲဒီလို စဉ်းစားဉာဏ် လွတ်ကင်းသွားတဲ့ ဟာကွက် နေရာလေးမှာပဲ လိမ်လည်မှုတွေက အလွယ်တကူ ဝင်ရောက်လာတာ ဖြစ်ပါတယ်။

ဒီလို ရှုထောင့်ပေါင်းစုံကနေ သုံးသပ်ကြည့်လိုက်ရင် Scarcity Principle ဆိုတာဟာ ဈေးသည်တွေ အသုံးပြုတဲ့ ရိုးရှင်းတဲ့ ဈေးရောင်းနည်းဗျူဟာ (Sales tactic) တစ်ခုလောက်သာ မဟုတ်တော့ဘဲ၊ ခေတ်သစ် ဈေးကွက်ကြီးထဲမှာ စကားလုံးတွေက လူ့စိတ်ကို ဘယ်လိုမျိုး လွှမ်းမိုး အလုပ်လုပ်နေသလဲ ဆိုတာကို နက်နက်ရှိုင်းရှိုင်း နားလည်နိုင်ဖို့အတွက် အလွန် အရေးပါတဲ့ သော့ချက် (Key) တစ်ခု ဖြစ်လာပါတယ်။ “ရှားပါးတယ်” ဆိုတဲ့ စကားလုံးကို ကြားလိုက်တိုင်း အရာအားလုံးကို လိမ်လည်မှုလို့ ထင်မှတ်ပြီး မယုံကြည်ရဘူးလို့ ဆိုလိုတာ မဟုတ်သလို၊ “နောက်ဆုံး အခွင့်အရေး” ဆိုတဲ့ ကြော်ငြာတိုင်းဟာလည်း အမြဲတမ်း လိမ်ညာနေတာပဲလို့ တထစ်ချ ကောက်ချက်ချလို့ မရပါဘူး၊ အရေးအကြီးဆုံး အချက်ကတော့ အဲဒီ စကားလုံးတွေရဲ့ နောက်ကွယ်မှာ ခိုင်လုံတဲ့ တကယ့် အချက်အလက် (Real facts) အမှန်တကယ် ရှိနေသလား၊ ဒါမှမဟုတ် ဝယ်ယူသူကို အလျင်စလို ဆုံးဖြတ်ချက်ချလာအောင် တွန်းပို့နေတဲ့ စိတ်ပိုင်းဆိုင်ရာ ဖိအား (Psychological pressure) သက်သက်သာ ရှိနေသလား ဆိုတာကို ဉာဏ်နဲ့ယှဉ်ပြီး ကွဲကွဲပြားပြား ခွဲခြားဖတ်ရှုတတ်ဖို့ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် အရာရာ မြန်ဆန်လွန်းတဲ့ အွန်လိုင်းလောက (Online world) မှာ အချိန်ဖိအား (Time pressure)၊ ကြောက်ရွံ့စိတ် (Fear)၊ လောဘ (Greed) နဲ့ အခွင့်အရေးကို လက်လွတ်ရတော့မှာ စိုးရိမ်တဲ့ ခံစားချက် (Fear of missing out) တွေကို တစ်ပြိုင်နက်တည်း ပေါင်းစပ် အသုံးပြုလာတဲ့အခါ ဒါဟာ ရိုးရှင်းတဲ့ ကုန်သွယ်မှု ကြော်ငြာ (Commercial advertisement) အဆင့်ကနေ ကျော်လွန်သွားပြီး လိမ်လည်မှု (Scam) ရဲ့ အနားစပ်ဆီကို အလွယ်တကူ ရောက်ရှိသွားနိုင်တယ်ဆိုတာကို အမြဲ သတိပြုရပါမယ်။ အဲဒီလို အခြေအနေမျိုးနဲ့ ကြုံတွေ့လာရတဲ့အခါ လူတစ်ယောက်အတွက် အရေးအကြီးဆုံး စွမ်းရည်ဟာ မြန်မြန်ဆန်ဆန် ဆုံးဖြတ်ချက်ချနိုင်ခြင်း မဟုတ်တော့ဘဲ၊ တွေဝေသွားခြင်းမရှိဘဲ ခေတ္တခဏ ရပ်တန့်စဉ်းစားနိုင်ခြင်း (Ability to pause) ပိုင်းပဲ ဖြစ်ပါတယ်။ အဲဒီလို ခဏတာ ရပ်တန့်လိုက်ပြီး “ဒါဟာ တကယ်ပဲ ရှားပါးတာလား၊ ဒါမှမဟုတ် ရှားပါးသယောင် ဟန်ဆောင်ပြသထားတာလား၊ တကယ့်ကို အရေးပေါ် အခြေအနေလား၊ အရေးပေါ်ဖြစ်နေသလိုမျိုး ခံစားရအောင် တမင် ဖန်တီးထားတာလား၊ ငါ တကယ်ပဲ နစ်နာသွားမှာလား၊ ဒါမှမဟုတ် နစ်နာမယ်လို့ ထင်မှတ်ပြီး ကြောက်လန့်သွားအောင် တွန်းအားပေးခံနေရတာလား” ဆိုတဲ့ မေးခွန်းတွေကို ကိုယ့်ကိုယ်ကိုယ် ပြန်လည် မေးခွန်းထုတ်နိုင်ခြင်းဟာ အလွန် အရေးကြီးပါတယ်။

နိဂုံးချုပ်အနေနဲ့ ပြောရရင် ရှားပါးမှု သဘောတရား (Scarcity) ကို နားလည်ထားခြင်းဟာ ဈေးကွက်ကြီး တစ်ခုလုံးကို အယုံအကြည်မဲ့သွားဖို့ မဟုတ်ဘဲ၊ ဈေးကွက်ထဲမှာ နေ့စဉ်နဲ့အမျှ လှည့်လည်သွားလာနေတဲ့ စကားလုံးတွေရဲ့ အဓိပ္ပာယ် အမှန်ကို ကွဲကွဲပြားပြား ခွဲခြားဖတ်ရှုတတ်ဖို့နဲ့ တကယ် ရှားပါးတဲ့ အစစ်အမှန် တန်ဖိုး (Real value) ကိုလည်း ရှင်းရှင်းလင်းလင်း မြင်နိုင်ဖို့၊ တစ်ချိန်တည်းမှာပဲ ဖန်တီးထားတဲ့ စိတ်ပိုင်းဆိုင်ရာ ဖိအား (Artificial pressure) ကိုလည်း ချက်ချင်း သတိပြုမိနိုင်ဖို့ပဲ ဖြစ်ပါတယ်။ “နောက်ထပ် မရနိုင်တော့ဘူး” ဆိုတဲ့ စကားရပ်ဟာ တစ်ခါတရံမှာ အမှန်တကယ် အသိပေးလိုတဲ့ သတင်းအချက်အလက် (Real information) တစ်ခု ဖြစ်နိုင်ပေမယ့်၊ တစ်ခါတလေမှာတော့ လူ့စိတ်ကို အလျင်စလို ဆုံးဖြတ်ချက်ချတဲ့ဆီကို ဆွဲခေါ်သွားဖို့ တမင် ရည်ရွယ်ချက်ရှိရှိ ချထားတဲ့ ငါးမျှားချိတ်ကို မမြင်ရအောင်ဖုံးထားတဲ့ ငါးစာတစ်ခုလဲ လည်း ဖြစ်နေနိုင်ပါတယ်။ ငါးစာရဲ့‌ နောက်ကွယ်က ချိတ်နဲ့ ကြိုးကို မမြင်တွေ့နိုင်တဲ့ သူကတော့ လွယ်လွယ်ကူကူပဲ ဆွဲခေါ်ရာနောက်ကို ပါသွားတတ်ပေမယ့်၊ ငါးစာ၊ ငါးမျှားချိတ်နဲ့ ကြိုးတို့ရဲ့ သဘောသဘာဝကို မြင်အောင် ကြည့်တတ်တဲ့ သူကတော့ ဆွဲခေါ်မခံရခင်မှာ ခေတ္တခဏ ရပ်တန့်စဉ်းစားနိုင်စွမ်း ရှိမှာဖြစ်ပြီး အဲဒီလို ရပ်တန့်နိုင်တဲ့ သူသာလျှင် ဈေးကွက်ထဲမှာ ကုန်ပစ္စည်းရဲ့ အစစ်အမှန် တန်ဖိုးနဲ့ မိမိအပေါ် ကျရောက်လာတဲ့ စိတ်ပိုင်းဆိုင်ရာ ဖိအားကို ရှင်းရှင်းလင်းလင်း ခွဲခြား မြင်နိုင်စွမ်း ရှိမှာ ဖြစ်သလို၊ အွန်လိုင်းလောကထဲမှာလည်း အခွင့်အရေး အစစ်အမှန်နဲ့ လိမ်လည်မှုတွေ အကြားက ပါးလျလွန်းတဲ့ မျဉ်းကြောင်းကို ပိုမို ထင်ရှားစွာ မြင်တွေ့နိုင်မှာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

#ဈေးကွက်
#စိတ်ပညာ
#လိမ်ညာမှု
#ဟန်ဆောင်မှု
#ငါးစာ

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address

Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00