YukinoMay

YukinoMay

Share

You're allowed to be weak,
at least with me.[Eclipse]

09/06/2024

Day 05 : Something in life that gives you balance.



နှင်းမေအတွက်ကတော့ လူသားတွေရဲ့
စိတ်နေစိတ်ထားတွေအကုန်လုံးမျှမျှတတ
ရှိနေဖို့တော့ မျှော်လင့်မိတာပဲ
ဘယ်နိုင်ငံမှာနေတဲ့ ဘယ်သူပဲဖြစ်ဖြစ်
ကိုယ်ချင်းစာတရားနဲ့ ကိုယ်နဲ့ဆက်ဆံရတဲ့
ဘယ်လူတန်းစားကိုမဆို ကောင်းကောင်းမွန်မွန်
ဆက်ဆံစေချင်မိတာပါပဲ
နှင်းမေကိုယ်တိုင်လည်း ဘဝမှာ အဲ့လိုလူမျိုး
ဖြစ်ဖို့ကြိုးစားနေတုန်းပါပဲ

Day 05 : Something in life that gives you balance.

05/06/2024

Day 04 : Something that is part of your routine that you enjoy.



တစ်နေ့တာလုံး အလုပ်ကိစ္စတွေအကုန်လုံးပြီးသွားပြီး ညဘက်မျက်နှာသစ် သွားတိုက်
ဘုရာရှိခိုးပြီး အိပ်ရာဝင်ခါနီး ကိုယ်ကြိုက်တဲ့
Idol တွေရဲ့ သီချင်းလေးတွေနားထောင်
content တွေကြည့်ရတဲ့ အချိန်လေးတွေက
နှင်းမေအတွက် အပျော်ဆုံးအချိန်တွေပဲ

Day 04 : Something that is part of your routine that you enjoy.

04/06/2024

Day 03 : Something with which you struggle.



နှင်းမေအတွက် ဘဝရဲ့နေ့စဉ်
ရုန်းကန်ရတဲ့ အရာကတော့ communication အပိုင်းပဲ
နေ့တိုင်းလူတွေနဲ့ အဆင်ပြေပြေ
ပြောဆိုဆက်ဆံချင်ပေမယ့်
ဘယ်လိုမှ မရတာပါပဲ
လူကြောက်တဲ့ introvert မို့လားမသိ
အမြဲတမ်းကြိုးစားနေပေမယ့် သိပ်ပြီး
အားမရ‌ဘူး

Day 03 : Something with which you struggle.

03/06/2024

Day 02 : Something you regret not having done last year.



နှင်းမေ အတွက်ကတော့ မနှစ်ကအချိန်တွေမှာ နောင်တရစရာက ဘာမှကိုမရှိသလောက်ပဲ
တစ်ခုပဲရှိတယ် saving နဲ့ပက်သတ်ပြီး
ကိုယ့်ကိုယ်ကို သိပ်အားမရခဲ့တာပါပဲ

Day 02 : Something you regret not having done last year.

01/06/2024

Day 01 : Something that you’re looking forward to this year.



2024 ရဲ့ နှစ်ဝက်ကိုသာရောက်လာတယ် နှင်းမေစိတ်ထဲမှာ ကိုယ့်ဘာသာကိုယ် အားမရဘူး
ဖြစ်နေတယ် မနှစ်က ဒီလိုအချိန်မှာ အလုပ်တွေလုပ် စာမေးပွဲတွေဖြေဖို့ စာတွေကျက်ပြီး
ဘဝကို အကျိုးရှိရှိ ဖြတ်သန်းနေတဲ့သူပေါ့
ဒီနှစ်တော့ 4 လပိုင်းအစထဲက ဘာတစ်ခုကို
အဆင်ပြေမနေဘူး အခု 6လပိုင်းကို
ရောက်လာတဲ့အထိပဲပေါ့ နှင်းမေဘဝမှာ
ဒုတိယမြောက်အချစ်ဆုံးနဲ့ တန်ဖိုးအထားဆုံးသူတစ်ယောက်ကိုလည်း ဆုံးရှုံးခဲ့ရတယ်
ပထမမြောက်အချစ်ဆုံးသူကတော့ လွန်ခဲ့တဲ့
5နှစ်လောက်ထဲက မရှိခဲ့တာပေါ့
နှင်းမေရဲ့ စိတ်ထဲမှာ
သူတို့နှစ်ယောက်စလုံး မရှိတော့ဘူးဆိုတဲ့
အသိကြီးက တစ်ကယ် မခံစားနိုင်ဘူး

အခုချိန်မှာ နှင်းမေရဲ့ အလုပ်အကိုင်နဲ့
ကျန်းမာရေးမှာလည်း
လုံးဝအဆင်မပြေတာ‌တွေပဲ ဖြစ်နေတယ်
အခုချိန်မှာ အမျှော်လင့်ဆုံးဆန္ဒတစ်ခုက
ဆေးစစ်တဲ့ result ကောင်းပြီး
အလုပ်အကိုင်တွေ အဆင်ပြေဖို့ပါပဲ 🙏💙

Day 01 : Something that you’re looking forward to this year.

01/06/2024

ဒီနေ့ကစပြီး အပျင်ကြီးတဲ့ နှင်းမေတစ်ယောက်
ပြန်ပြီး active ဖြစ်ပါပြီ အပျင်းကြီးလို့ ပြစ်ထားတာကြာတဲ့ page လေးကို အားနာမိတယ် 🙏
🤎

11/09/2023

ဒီနေ့ညနေ နှင်းမေ ဂျူတီပြီးလို့
အလုပ်ဆင်းတဲ့အချိန် မိုးတွေက
သဲကြီးမဲကြီးကို ရွာနေပါရော အရင်ထဲက
မိုးရာသီကို မကြိုက်တဲ့ နှင်းမေတစ်ယောက်
အလုပ်ဆင်းချိန်ကွက်တိရွာတဲ့ မိုးကို
စိတ်ထဲကနေ အပြစ်တင်ရင်း ဖယ်ရီကားလေးနဲ့
အဆောင်ကိုပြန်ရောက်ခဲ့တယ်
တစ်ကိုယ်လုံးလဲ စိုရွှဲနေရော

အဆောင်က အခန်းထဲရောက်တော့
အတူတူနေတဲ့ အစ်မက လှမ်းပြောတယ်
မီးက ခုနကမှပျက်သွားတာတဲ့
လူကို အမောကိုပြေသွားတာပဲ ( ရွဲ့တာ😁)

ဗိုက်ကလည်းဆာ မီးကလည်းပျက်
အဆင်သင့်ချက်ထားလည်း ဘာမှမရှိတာနဲ့
ကျောပိုးအိတ်ထဲမှာ ဆောင်ထားတဲ့ ပဲမု့န့်တွေပဲ ထိုင်စားပြီး ရေသောက်နေတာပဲ 😅

အခန်းဖော်အစ်မနဲ့ အလုပ်‌ကအကြောင်း
ရောက်တက်ရာရာတွေ ပြောနေရင်း
ဆယ့်ငါးမိနစ်လောက်နေတော့ မီးက
ပြန်လာ အဲ့ဒီ့အခါကျမှ မိုးရေစိုလာတဲ့
ယူနီဖောင်းတွေကို လျှော်ပြီး လှမ်း
ခဏနေတော့ ဗိုက်ကလည်း
ပြန်ဆာလာ လူကလည်း ချမ်းလာတယ်

( တော်ရုံလူဆို ဒီလောက်က ဘာမှမဖြစ်ပေမယ့်
နှင်းမေက အဆုတ်အားနည်းပြီး ငယ်ငယ်ထဲက
အအေးဒဏ်လည်း သိပ်မခံနိုင်ဘူး 😔)

အဲ့တော့ ရှိတာနဲ့ပဲကြံဖန်ပြီး
ဗိုက်ဖြည့်ဖို့လုပ်ရတာပေါ့
အိုးထဲကို ရေထည့် ကြက်သွန်ဖြူဓားပြားရိုက်နဲ့ ငရုတ်ကောင်း ကြက်သားမှုန့်
ပဲငံပြာရည်ထည့်ပြီး တစ်ဖက်က
ရေနွေးအိုးထဲကို ကြက်ဥတစ်လုံးထည့်ပြုတ်ထားလိုက်တယ် ပြီးတော့ ဟင်းရည်အိုး
ပွက်ပွက်ဆူလာတော့ အသင့်ဆောင်ထာတဲ့
ကြက်ဥခေါက်ဆွဲချောင်းလေးတွေထည့်
ပြီးတော့ အရင်ရက်ကနည်းနည်းကျန်တဲ့
မုန်ညင်းအစိမ်းလေးထည့် သံပုရာသီးတစ်စိတ်နဲ့ ငရုတ်သီးစိမ်းလေးနဲနဲထောင်းပြီးထည့်
နောက်ဆုံးပြုတ်ထားတဲ့
ကြက်ဥပုတ်လေးပါထည့်ပြီး
ကြက်ဥ‌ခေါက်ဆွဲပြုတ် ပူပူလေးသောက်ပြီး
နှင်းမေကြိုက်တဲ့ Vlogger ရဲ့ video လေး
ကြည့်လိုက်တယ် ပြီးတော့ လီမွန်တီး
ပူပူလေးသောက်ပြီး စာဖတ်ရင်း
သီချင်းလေး နားထောင်နေပါတယ်

မိုးက အခုစာရေးနေတဲ့အချိန်ထိကို
ရွာနေတုန်းပါပဲ နှင်းမေက မိုးရာသီကို
မကြိုက်ပေမယ့် မိုးရွာနေတဲ့အချိန်
ကိုယ့်အခန်းလေးထဲမှာ သောက်စရာ
ပူပူနွေးနွေးလေးကို သောက်ပြီး
သီချင်းနားထောင်ရင်း
စာဖတ်ရတာကိုတော့ကြိုက်ပါတယ် 😁

အသိအကို တစ်ယောက်ပြောဖူးတာရှိတယ်
သူမိုးရွာတာကို ကြိုက်ပါတယ်
သူအိမ်ထဲမှာ ရှိတဲ့အချိန်ဆိုရင်တဲ့ 😆

နှင်းမေလဲ အဲ့လိုပါပဲ 😇

🤎
💎

08/08/2023

long duty တွေ ဆက်တိုက်ဆင်းပြီး
နှင်းမေလည်း တော်တော်ပင်ပန်းနေလို့
ဒီနေ့ ရှားပါးလှတဲ့ off day လေးမှာ
စျေးသွား ထမင်းဟင်းချက်
အဝတ်လျှော် မီးပူတိုက် စတဲ့
အလုပ်လေးတွေပြီးတာနဲ့
မနက်စာလေးကို သေချာလုပ်စားပြီး 🥪🥙

📻 radio လေးနားထောင် စာအုပ်လေးဖတ် 📖
စာလေ့လာ 📚💻
မပါမဖြစ် ☕coffee လေး သောက်ရင်းနဲ့
အနားယူမယ်လို့ တွေးထားတာ 😇

စျေးကပြန်လာတာနဲ့ အဆောင်က
အားဂျီးမားတွေနဲ့ ဇာတ်လမ်းက စ‌တာပဲ 😑

ရောက်ရောက်ချင်းကို ညီမလေးရေသန့်ကို
ဘာလို့ ကိုယ်မရှိတဲ့အချိန်ကို
မှာထားရလဲတဲ့ ကိုယ့်မှာစျေးက ဝယ်လာတဲ့
အထုပ်တွေတောင် မချရသေးဘူး
အမောကို ဆို့သွားရော
နှင်းမေ မမှာထားဘူးအစ်မ
တခြားသင်တန်းသွားတဲ့
ကောင်မလေးတွေ မှာထားတာနေမယ်လို့
ပြောလိုက်တော့
သူတို့ကိုလည်းပြောလိုက် ကိုယ်မရှိတဲ့
အချိန်မမှာနဲ့လို့တဲ့ အဲ့ဒါပဲပြောပြီး
သူ့အခန်းထဲကို ဝင်သွားရော

ကိုယ့်ကိုအထင်လွဲပြီး အော်ပြောတာအတွက်
အစ်မက ညီမလေး မှာထားတာထင်လို့
ပြောမိလိုက်တာ sorry နော်လို့
တစ်ခွန်းတောင်မပြောသွားဘူး
ကိုယ့်မှာ အူတူတူနဲ့ကျန်ခဲ့ရော 😐

အော် သူကအကြီးပဲလေဆိုပြီး
ကိုယ့်ဘာသာပဲ စိတ်ဖြေရင်း
ဟင်းချက်ဖို့လုပ်ရတာပေါ့

ဘေစင်မှာ အိုးဆေးနေတုန်း နောက်ထပ်
အားဂျီးမားတစ်ယောက်က ရောက်လာပြီး
ညီမလေး ကိုယ့်ဆပ်ပြာနဲ့ကိုယ်သုံးနော်တဲ့
ဟုတ်ကဲ့ ညီမလဲ ကိုယ့်ဆပ်ပြာဘူးထဲကပဲ
သုံးပါတယ်လို့ ယဥ်ယဥ်ကျေးကျေးပဲ
ပြန်ဖြေလိုက်တယ် ကြည့်ရတာ အငယ်တွေထဲက တစ်ယောက်က မသိဘဲ သူ့ဆပ်ပြာကို
ယူသုံးလို့ အဲ့လိုလာပြောတာဖြစ်မယ်လို့ပဲ
တွေးလိုက်ပါတယ်

နှင်းမေက တော်ရုံဆို အကောင်းဘက်ကပဲ
သူများကို ဖြည့်တွေးနေကျမို့ အဲ့လိုကြီး
လာပြောတာကို မကြိုက်ပေမယ့်လည်း
ဘာမှတော့ ဆက်မပြောတော့ဘူး

အဲ့ဒီ့မှာ ခုနက အခန်းထဲဝင်သွားတဲ့
အားဂျီးမားက ထွက်လာပြီး
ဆပ်ပြာဆိုလို့ပြောရဦးမယ် ပန်းကန်ဆေးတဲ့
ဆပ်ပြာခွက်တွေမှာ ရေတွေကျန်ပြီး
ညစ်ပတ်နေတာပဲ ပိုးကောင်တွေနဲ့ အမြဲတမ်းတွေ့တယ်ဆိုပြီး အစချီပြီး အနောက်ကနေ
ပွစိပွစိလာပြောပါလေရော
အမှန်က သူပြောနေတဲ့ ဆပ်ပြာခွက်ထဲ ရေတွေနဲ့ညစ်ပတ်နေအောင်ထားတာကလည်း ကိုယ်မဟုတ်ပဲ သင်တန်းသွားတဲ့ အငယ်တွေပဲ
ဖြစ်နေပြန်ရော နှင်းမေက ပန်းကန်ဆေးတဲ့
အစိမ်းဖတ်ကို သုံးပြီးတာနဲ့ သေချာပြန်ဆေးပြီး
ဆပ်ပြာဘူးထဲကိုပဲပြန်ထည့်ပြီး အဖုံးကိုလည်း
သေချာလုံအောင်ပိတ်ထားပြီး
သန့်သန့်ရှင်းရှင်းပဲ ပြန်ထားနေကျပဲ

မိုးလင်းထဲက ကိုယ်မလုပ်ထားတဲ့ကိစ္စတွေကို
တစ်ဖတ်သတ်ကြီး အပြောခံ
အဆူခံနေရတာကြောင့် လူက စိတ်လည်း
မကြည်တော့ဘူး မျက်နှာကလဲ စူပုပ်လာရောပဲ
😒

တခြားအပြင်အဆောင်က သူတွေဆို
ပြန်ပြောမိမှာဆိုပေမယ့် အလုပ်ကပေးထားတဲ့
အဆောင်က စီနီယာကြီးတွေဆိုတော့
ပြန်ပြောလည်း နောက်ဆုံးကိုယ့်အလွန်ပဲ
ဖြစ်မှာဆိုတော့ ဘာမှကို ပြောမနေတော့ဘူး

အလုပ်မှာ ဌာနတွေမတူလို့
တော်သေးတာပဲလို့သာ
တွေးမိလိုက်ပေမယ့် စိတ်ကတော့လုံးဝကို
မကြည်တော့တာ 🙄

နှင်းမေလည်း အရင်က သင်တန်းကျောင်းတစ်ခုမှာ အဆောင်မှူးလုပ်ပြီး နေလာတာပဲ
ကိစ္စတစ်ခုကို အမြဲတမ်း သေချာ
မေးမြန်းစုံစမ်းပြီးမှသာ ပြောတာ
ကိုယ်ကအကြီးပဲဆိုပြီးတော့
အငယ်တွေကို ဘယ်တော့မှ ရမ်းမပြောဘူး
မဆူဘူး

တစ်ချို့လူတွေက အသက်ကြီးတယ်
ရာထူးကြီးတယ်ဆိုတာနဲ့ ငါဘယ်လိုပြောပြော
ငါဘာပြောပြောရတယ်ဆိုပြီး
ပြောချင်သလိုပြောပြီး လုပ်ချင်သလို
လုပ်နေကြတာ 😐

နှင်းမေတို့ကတော့ အဲ့လိုသူမျိုးတွေကို
ကြည့်လို့မရသလို လေးစားဖို့လည်း ဝေးသေး

နှင်းမေကိုယ်တိုင်လည်း အဲ့လိုလူမျိုး
မဖြစ်အောင်ပဲ နေတယ်
🤎

04/08/2023

နှင်းမေတို့ အလုပ်က off day တစ်ရက်လေးမှာ
မိုးလင်းထဲက ဂယက်တစ်သိန်းနဲ့ 😇

မနေ့ညက အတူတူနေတဲ့ အဆောင်က
ညီမလေးတစ်ယောက်က မနက်စောစော
စျေးအတူသွားမယ်နော် အစ်မတဲ့
အေးအေး သွားတာပေါ့ဆိုပြီး
မနက်လည်းကျရော ၇နာရီကျော်မှနိုးပါလေရော
နှင်းမေက duty သွားတဲ့နေ့ဆို မနက်လေးနာရီခွဲလောက်အိပ်ရာထနေကျပါ အဆောင်က
တခြားသူတွေက ညထဲက
ထမင်းဟင်းတွေ ချက်ထားပေမယ့်
နှင်းမေက အလုပ်မှာဆို အမြဲ
နောက်ကျမှ စားဖြစ်လို့ ထမင်းဟင်းတွေ
သိုးမှာကြောက်လို့ အမြဲတမ်း မနက်စောစောပဲ
ထချက်ပြီး ထမင်းဘူးထည့်ဖြစ်ပါတယ် 🤩

duty off ဆိုပြီး စာအုပ်ကို ညနက်တဲ့ထိ
ဖတ်နေမိပြီး မနက်ကျ သူများက အစ်မရေ
စျေးသွားမယ်ဆိုမှ ပျာယာခတ်ပြီး
မျက်နှာသစ် သွားတိုက် ခြေလက်ဆေး
အဝတ်အစားလဲပြီး စျေးသွားပါလေရော 😅

မနေ့က အလုပ်က ညီမလေး
တစ်ယောက်ကလည်း cosmetics တစ်မျိုး
မှာထားတာသတိရပြီး ပိုက်ဆံကိုအိတ်လိုက်ပဲ
ယူလာရော စျေးကလည်း လူအရမ်းများတော့
ပိုက်ဆံအိတ်ကို အမြဲပဲသတိထားပြီး
စမ်းကြည့်နေရတာပေါ့ 😊

စျေးလည်းတစ်ပတ်စာဝယ်ပြီးတော့
နောက်ဆုံးပိတ် အတူပါလာတဲ့ ညီမလေးနဲ့
cosmetics ဆိုင်ကိုရောက်သွားတဲ့အချိန်မှာ
ဇာတ်လမ်းက စတာပဲ 😎

ကိုယ့်အတွက် မိတ်ကပ်အထုပ်လေးနဲ့
sun cream လေးဝယ်ပြီး သူများမှာထားတဲ့
မိတ်ကပ်နာမည်လေး မေးမယ်ဆိုပြီး
အိတ်ထဲက ဖုန်းကိုထုတ်လိုက်တော့ ဖုန်းက
အိတ်ထဲမှာ လုံးဝမရှိတော့ဘူး
ပုံမှန်ဆို ဖုန်းက စျေးသွားရင်ဘယ်တော့မှ
မယူဖြစ်ပေမယ့် ဒီနေ့ကျမှ အလုပ်က
ညီမလေးက သူမှာတဲ့ ပစ္စည်းကို မှားမှာစိုးလို့
ပုံရိုက်ပြီး ပို့ထားလို့ အဲ့ဒါလေးပြပြီးဝယ်ဖို့
ဖုန်းကို ထည့်လာမိတာ မရှိတော့ လူက
ခေါင်းကို ချာချာလည်သွားသလိုပဲ

ပိုက်ဆံအိတ်ကျ မပျောက်ပဲ ဖုန်းက ဘာလို့
ပျောက်သွားတာလဲ ခါးပိုက်နှိုက်ခံလိုက်ရပြီ
ဆိုပြီး ငိုမဲ့မဲ့နဲ့ ဖြစ်သွားရော အတူပါလာတဲ့
ညီမလေးကလည်း ပျာယာတွေခတ်ပြီး
ဘယ်လိုလုပ်ကြမလဲပေါ့ ပြီးတော့လည်း
စျေးဝယ်ထားတဲ့ အထုပ်ကြီးတွေဆွဲပြီး
နှစ်ယောက်သား စိတ်ညစ်ညစ်နဲ့ YBS စီးပြီး
ပြန်လာကြရော 😔

လမ်းမှာလည်း စိတ်ထဲမှာ
ဖုန်းထဲက အရေးကြီးတဲ့ personal data တွေအလုပ်က data တွေရော notes တွေရော
bank ‌acc တွေရော သွားပြီဆိုပြီး တွေးနေမိတာ
ယူသွားတဲ့သူကိုလည်း ယူမယ့်ယူ ပိုက်ဆံအိတ်ပဲ
ယူသွားတာမဟုတ်ဘူးဆိုပြီး ပြောနေမိရော
အဲ့ဒါနဲ့ အဆောင်က ကိုယ့်အခန်းထဲကို
ပြန်ရောက်တော့ ချက်ချင်း အထုပ်တွေချပြီး
အိပ်ရာပေါ်မှာ ငိုမဲ့မဲ့နဲ့ လှိမ့်နေရော 😐

၅မိနစ်လောက်ကြာတော့
လုပ်စရာရှိတာအရင်လုပ်ရမယ်ဆိုပြီး
စျေးက ပစ္စည်းတွေပဲဖြည်မယ်ဆိုပြီးတော့
အိပ်ရာကထလာတော့မှ အခန်းပေါက်ဝက
luggage အပေါ်က ဖုန်းကို မြင်သွားရော
အဲ့ကျမှ မျက်နှာကြီးက ပြုံးဖြီးဖြီး ဖြစ်သွားတာ

ပြီးတော့ ဘာလို့ဖုန်းက အဲ့ဒီ့ပေါ်ကို
ရောက်နေလဲလို့ ပြန်စဥ်းစားကြည့်တော့မှ
အမြဲလွဲနေကျ ကိုယ်က စျေးသွားခါနီး
အိတ်ထဲကို ထီးရယ် ပိုက်ဆံအိတ်ရယ် ဖုန်းရယ်
ထည့်ရမယ်ဆိုပြီး ဖုန်းကလွဲပြီး ကျန်တဲ့
ပစ္စည်းနှစ်မျိုးကိုပဲ ယူသွားမိတာ 😆

အဲ့အချိန်မှာပဲ မီးပြန်လာလို့ ပြန်တွေ့တဲ့ဖုန်းကို
အားသွင်း ထမင်းဟင်းကို အမြန်ချက်ပြီးတော့
ဘုရားဆွမ်းတော်တင် ရေချမ်းကပ်ပြီးတော့မှ
စောစောစားနေကျ breakfast coffee နဲ့
ပေါင်မုန့်ကို မနက်၁၀ခွဲမှ စားဖြစ်တော့တယ်
စားနေရင်း ခုနကလွဲတဲ့အကြောင်း
ပြန်စဥ်းစားရင်း တစ်ကယ်မပျောက်သွားတာ
တော်သေးတာပေါ့လို့ တွေးမိတာပေါ့ 😊

ကိုယ့်လိုကော တခြားသူတွေကော ဖြစ်ဖူးလား
မသိ နှင်းမေတို့ကတော့ ငယ်ငယ်ထဲက
ဘယ်အရာကိုမှ လွယ်လွယ်နဲ့မရဖူးသလို
သတိထားနေရင်းကကို တစ်လွဲဖြစ်တဲ့
အကြိမ်ပေါင်းလည်း မနည်းဘူး 😁
🤎
💎

Category

Website

Address


Yangon

Alerts

Be the first to know and let us send you an email when YukinoMay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.