Thein. Myint
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Thein. Myint, Health/Beauty, Yangon.
03/06/2026
* ဒါဟာ ဘဝပဲ *
အဝတ်ဗလာနဲ့ လာခဲ့တယ်။
အဝတ်တစ်ထည်, ကိုယ်တစ်ခုနဲ့ပဲ
ပြန်သွားကြရတယ်
ငိုကြွေးပြီး ရောက်လာကြတယ်။
ငိုကြွေးကြပြီး ပြန်သွားရတယ်။
ဥစ္စာဓန ပစ္စည်းတွေ မပါဘဲ လာခဲ့တယ်။
ဥစ္စာဓန ပစ္စည်းတွေ ထားပြီးပဲ ပြန်ရမယ်။
တစ်စုံတစ်ယောက်ကပဲ
ပထမဆုံး ရေချိုးပေးသလို..
တစ်စုံတစ်ယောက်ကပဲ
နောက်ဆုံး ရေချိုးပေးမှာပါပဲ။
ဒါဟာ-ဘဝပဲ
ဘာကြောင့်များ
အငြိုးတေးတွေ၊ မာန်မာနတွေ
အမုန်းတွေ၊ မကျေမချမ်းမှုတွေ၊
လောဘ ဒေါသ မောဟ တွေ
များနေကြရမှာပါလဲ...???
လက်ဗလာချည်း ပြန်ကြပေမယ့်
သူတွေချည်းပါပဲ။
ကြင်နာပါ။
တစ်ဦးနဲ့တစ်ဦး ဖေးမပါ။
ကမ္ဘာမြေကြီးပေါ်မှာ ရှင်သန်ရမှာက
အကန့်အသတ်လေးနဲ့မို့...
အချိန်တွေကို တန်ဖိုးထားကြပါ။
တကယ်ဆို-
ဘဝမှာ ကုသိုလ်,အကုသိုလ်ကံကလွဲပြီး
ကိုယ့်နောက်ပါတာ ဘာတစ်ခုမှ မရှိနေပါဘူး။
crd_to_original uploader.
31/05/2026
▪︎ သိမ်ဖျင်းတဲ့ စကား၊
▪︎ မမှန်တဲ့ စကား၊
▪︎ ကြမ်းတမ်းတဲ့ စကားပြောတဲ့နေ့ဟာ.. !
နက္ခတ်မကောင်းတဲ့ နေ့၊ မင်္ဂလာမရှိတဲ့ နေ့ပါပဲ။
ပရိနိဗ္ဗာန်ပြုခါနီးမှာ နတ်ဗြဟ္မာတွေဟာ နတ်ပန်းနံ့သာ တူရိယာ တေးသံတွေနဲ့မြတ်စွာဘုရားကို အကြီးအကျယ်ပူဇော်ကြတယ်။
ဒါပေမဲ့~
မြတ်စွာဘုရားက ငါဘုရားကို အမြင့်မြတ်ဆုံးသောပူဇော်မှုနဲ့ ပူဇော်ခြင်းမမည်ပါဘူးတဲ့.. !
လောကုတ္တရာတရား ကိုးပါးအားလျော်တဲ့ ပဋိပတ်နဲ့ပူဇော်မှ ငါဘုရားကို ပူဇော်တယ်၊ အရိုအသေပြုတယ်၊ မြတ်နိူးတယ်လို့ မည်ပါတယ်။ နောင်.. !
အာမိသတွေနဲ့ ပူဇော်ပွဲကြီးတွေလုပ်လိမ့်မယ်။ ကျင့်တဲ့သူရှိမှာမဟုတ်ဘူး။ သတိပဋ္ဌာန်ပွားများတဲ့ ယောဂီဟာ သတိလက်လွတ်ဖြစ်မနေရပါဘူး။
မွန်မြတ်တဲ့ သူတော်ကောင်းတွေဆိုတာ.. !
လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဣဿာမစ္ဆရိယအစရှိတဲ့ ညစ်နွမ်းတဲ့စိတ်ကလေးတစ်ခုဖြစ်မှာတောင် ရှက်ကြပါတယ်။
" ပုဗ္ဗေ စ ကတပုညတာ " ရှေးကပြုဖူးတဲ့ကောင်းမှုရဲ့ အကျိုးဆက်အနေနဲ့ လေးပါဒ တစ်ဂါထာကြားရုံဖြင့် မဂ်ဖိုလ်တရားတွေကို သိမြင်နိူင်ကြပါတယ်။
သေပြီးအမျှဝေရင်~
မရဖို့က 99% လောက် သေချာတယ်။ ဒါကြောင့်အမျှရဖို့ စိတ်မကူးနဲ့ ..!
လူ၊ နတ်၊ ဗြဟ္မာ၊ ငရဲ၊ တိရစ္ဆာန် အမျှမရနိူင်ဘူး။
ပြိတ္တာထဲမှာတောင် သူတစ်ပါး ကုသိုလ်အဖို့ဘာဂကို မှီခိုတဲ့ပြိတ္တာမှ ရတယ်၊ ပြိတ္တာဘဝမှာတင်အမျှရပြီး ချမ်းသာတာနဲ့ ပြိတ္တာဘဝ က ကျွတ်တာ တစ်ခုခုရနိူင်တယ်။
ဒီဘဝနဲ့ သံသရာကိုအဆုံးမသတ်နိူင်သေးရင် !
မိမိမှာ အဆင့်မြင့်တဲ့ကံတွေကိုထူထောင်ထားဖို့လိုပါ တယ်။
▪︎ ဒီ ခြေလက်တွေဟာ
ကောင်းမှုကုသိုလ်ကံတွေ လုပ်ဖို့၊
▪︎ ဒီ ပါးစပ်က
ကောင်းမှုကုသိုလ်တွေနဲ့ စပ်တာတွေပြောဖို့၊
▪︎ ဒီ စိတ်က
ကောင်းမှုကုသိုလ်ကံတွေဖြစ်အောင် ပြုစုပျိုးထောင်ဖို့ ဒီလိုပဲဖြစ်သင့်တယ်။ ဖြစ်ရမယ်။
မုသားစကားပြောတဲ့ ရဟန်း
ရဟန်းတရားမရှိတဲ့အတွက် သူများလှူတဲ့ဆွမ်းစားနေတာကို မီးခဲမြိုတယ်လို့ ရှေးဆရာတော်ကြီးများကဆုံးမကတယ်။
ရဟန်းလိုအမည်ခံရင် !
ရဟန်းတရားရှိရမယ်။ မရှိရင် ရာဇဂြိုဟ်ပြည်ကောင်းကင်ထက်က ပြိတ္တာတွေလို ဖြစ်မယ်။
သူတော်ကောင်းမှန်ရင် !
မိမိ စိတ်ဆင်းရဲမဲ့၊ သူတစ်ပါး စိတ်ဆင်းရဲမဲ့၊ မိမိ သူတစ်ပါးစိတ်ဆင်းရဲမဲ့ စကားမျိုး မပြောသင့်ပါဘူး။
ကံတွေဆိုတာ.. !
" အရိယာမဂ် " နဲ့ မှ ပယ်ဖျက်လို့ရတာပါ။ နိဗ္ဗာန်မရမချင်းအထိ လိုက်အကျိုးပေးကြလိမ့်မယ်။ ဒါကြောင့် ကံတွေကို စင်စင်ကြယ်ကြယ်ထူထောင် ထားဖို့လိုပါတယ်။
သီလ ဖြူဖြူစင်စင်နဲ့ ကျင့်ဆောင်နေတဲ့ သူတော်ကောင်းတွေကို ရည်စူးပြီး ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေးတို့ကို ထောက်ပံ့လှူဒါန်းနေကြတာပါ။
ဒီသူတော်ကောင်းတွေကို လှူရင် !
အဆင့်မြင့်တဲ့ ဘဝတစ်ခုကို ရမှာပဲလို့ ရည်မှန်းပြီးလှူကြတာပါ။ သီလတွေပျက်နေတဲ့သူတွေဆို လှူကြပါ့မလား။
ရတနာသုံးပါးရဲ့ ဘုန်းရိပ်မှာခိုလှုံနေပြီး ရတနာသုံးပါး ရဲ့ မကောင်းကို မပြောမိအောင်နေရမယ်။ ပြောမိရင် !
ပြောသူရဲ့ အကျိုးစီးပွားဆုတ်ယုတ်မယ်။
▪︎ လူဟာ
လူနဲ့ ထိုက်တန်တဲ့ ကျင့်ဝတ်ပဋိပတ်
▪︎ ရဟန်းဟာ
ရဟန်းနဲ့ ထိုက်တန်တဲ့ ကျင့်ဝတ်ပဋိပတ် ကျင့်ကြရမယ်။ ဒါမှ တည်ကြည်တဲ့ စိတ်ဓာတ်တွေ ရရှိကြမယ်။ ဒါမှ လောကမှာ ရဲရင့်တည်ကြည်စွာ လှည့်လည် သွားလာနိူင်ကြလိမ့်မယ်။
မိမိတို့ရဟန်းတွေဆိုတာ !
သူများလှူထားတာကို တစ်ဝကြီးစားနေရတဲ့ ဘဝတွေပါ။ သိပ်မာနကြီးစရာမလိုပါဘူး ။
သတ္တဝါခပ်သိမ်း၊ တရားကိန်း အေးငြိမ်းချမ်းသာရှိပါစေ~
ကျေးဇူးတော်ရှင်
#ဖားအောက်ဆရာတော်ဘဒ္ဒန္တအာစိဏ္ဏမဟာထေရ်
30/05/2026
မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အရေးတကြီးသတိပေးတရား
====================================
"ငါ "ဆိုတဲ့ အတ္တဒိဋ္ဌိ မပြုတ်သေးတဲ့ ပုဂ္ဂိုလ်မှန်သမျှ ဒါနတွေ အကြိမ်ကြိမ်ပြု ,သီလတွေ အကြိမ်ကြိမ် ဆောက်တည်နေပါစေ။အဲဒီ ဒါန ,သီလ သတ္တိတွေက ဆိုင်ရာ,ဆိုင်ရာ "သုဂတိဘုံ"တွေမှာ အကျိုးပေးပေမဲ့ ကံအရှိန်ကုန်လို့ သတ္တိကုန်ရင်တော့ အဲဒီ ပုဂ္ဂိုလ်ကို အဲဒီ ဒိဋ္ဌိကဘဲ ဒုက္ခတိ ဘုံ တွေကို ပြန်ဆွဲချတယ်။
-ဝိပဿနာ မလုပ်သေးတာဖြင့် သေရတာ အားမရသေးလို့လား မေးဖို့ဘဲ ရှိတော့တယ်။
ခင်ဗျားတို့ အင်မတန် ကိုယ်ကျိုးနည်းမှာစိုးလို့ ဒီအလုပ်ကို ခိုင်းနေတာမှတ်ပါ။
- ပုထုဇဉ်အဖြစ်နဲ့ သေရင် လူတစ်သိန်းသေလို့ တစ်ယောက် သုဂတိ မရောက်ဘူး။ ဖြည်းဖြည်းမှ ဆိုတဲ့စကား မသုံးပါနဲ့ဖြည်းလာခဲ့တာ ကြာပါပြီ။
-ခင်ဗျားတို့က မသိလို့အေးအေးနေတာ,တော်ကြာ ခင်ဗျားတို့ တွေ့ရမဲ့ ဒုက္ခက မသေးဘူးနော်။ "ဆုတောင်းပြည့် ဘုရား"မကယ်နိုင်ဘူး ဖြည်းဖြည်းမှဆိုတဲ့ ဆင်ခြေပေးနေလို့ကတော့ ငရဲမျိုးစေ့ ကြီးပွားပါရစေဆိုတာနဲ့ အတူတူဘဲ။
-တစ်နေ့တစ်နေ့ ဖြစ်နေတဲ့ လောဘ,ဒေါသ,မောဟ တွေဟာ တစ်နေ့ကို ငရဲရောက်ဖို့ ဘဝပေါင်း မရေမတွက်နိုင်ဘူး။စိတ်ကလေး တစ်လုံး,စေတနာလေးတစ်ခု အပါယ်တစ်ခါရောက်ဆိုတော့,
စိတ်ပေါင်းကလည်း မရေတွက်နိုင်ဘူးဆိုတော့က,အပါယ်က တက်စရာမမြင်ဘူး။
-သာသနာ ငါးထောင်ဆိုတာ နှစ် အပိုင်းအခြားကို ခေါ်တာမဟုတ်ဘူး။သာသနာဆိုတာ နှစ်ကိုမခေါ် အဆုံးအမ ကိုခေါ်တာဘဲဆိုတဲ့ အချက်ကို သိကြရမယ်။ဟောတဲ့အတိုင်း လိုက်နာကြ ကျင့်ကြံအားထုတ်ကြလို့ဆိုတာဟာ သာသနာဘဲ။သာသနာ ငါးထောင်ဆိုတဲ့ စကားတွေဟာ သာသနာမဟုတ်ဘူး။သာသနာဆိုတာ လိုက်နာသူအပေါ်မှာ လုံးဝတည်နေတယ်။လိုက်နာရမယ့် သူက မလိုက်နာရင် ဘုရားရှင် ရှိနေလည်းမဆိုင်, မရှိလည်း မဆိုင်ဘူး။ ဒီ ဘုရားဟောထားတဲ့ စကားတော်အတိုင်း, အဆုံးအမ အတိုင်း လိုက်နာမှု မလိုက်နာမှု အပေါ်မှာသာ တည်တယ်။
-မနက်ဖြန် သေသွားရင် သာသနာနဲ့ငါ အိုးစားကွဲတာဘဲမှတ်။ကိုယ်သေရင် အပါယ်တွန်းချမယ့် တရားတွေ ဝမ်းထဲရှိနေလျက်နဲ့နှောင့်နှေးတဲ့ အလုပ် လုပ်နေရင် ဒီထက်မိုက်တာ ရှာမတွေ့တော့ဘူး။ တစ်ဘဝ တစ်နပ်စာ ငဲ့နေတာနဲ့ တစ်သံသရာလုံး နစ်နာသွားလိမ့်မယ်။
- ဘုရား အပေါ်လည်း သံသယမရှိနဲ့ ,တရား အပေါ်လည်း သံသယ မရှိနဲ့,ကိုယ့်ကိုယ်လည်း သံသယ မရှိနဲ့ သာသနာနဲ့ကြုံ ,ဆရာကောင်းနဲ့ကြုံလို့ ပါရမီကလည်း ပြည့်နေပြီ။ကျင့်သာကျင့်ရမှာဘဲ။ အချည်းနှီးလုံးဝ မဖြစ်ဘူးဆိုတာ မှတ်လိုက်ပါ။
ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော် ဘုရားကြီး
27/05/2026
“ အရာအားလုံးကို ဥပေက္ခာပြုထားပါ “
ယောဂီတို့တရားအားထုတ်တဲ့အချိန်မှာ
ကိလေသာနဲ့ယှဉ်တဲ့စိတ်ကနေ
ဉာဏ်နဲ့ယှဉ်တဲ့စိတ်ဖြစ်ဖို့ဆိုရင်
ကိလေသာအာရုံဖြစ်စရာအရာတွေအားလုံးကို
အဆက်ဖြတ်ရမယ်၊မဖြတ်လို့ မရဘူး၊
ဘာအာရုံတွေကို အဆက်ဖြတ်ရမှာလဲ..?
လွယ်လွယ်ပြောရရင်
သားအာရုံ၊သမီးအာရုံ၊ဇနီးအာရုံ၊ခင်ပွန်းအာရုံ၊
ဆွေမျိုးအာရုံ၊အလုပ်အာရုံ၊စီးပွါးရေးအာရုံ၊
နောက်ဆုံးကုန်ကုန်ပြောရင်
ဒူး ပေါင် ခါး ခြေ လက်အာရုံ၊
ကိုယ့်သန္တန်မှာရှိနေတဲ့
အသား အသွေး အရိုး အကြောအာရုံ။
ဟာ…ငါကဒူးကိုက်တဲ့ရောဂါရှိတယ်၊
ပေါင်ကိုက်တဲ့ရောဂါရှိတယ်၊
ခါးက ဘယ်လိုဖြစ်နေလို့၊
ဒူးက ဘယ်လိုဖြစ်နေလို့၊
ပေါင်က ဘယ်လိုဖြစ်နေလို့၊
မျက်စိက ဘယ်လိုဖြစ်နေလို့၊
သွားကဘယ်လိုဖြစ်နေလို့၊အဲဒါတွေက တခြားလား၊
ကိလေသာဖြစ်စရာ အာရုံတွေလား..?
ဝိပဿနာရှုတဲ့ပုဂ္ဂိုလ်ဆိုတာ
အဲဒီတဏှာဒိဌိဖြစ်စရာအာရုံတွေကို
အဆက်ဖြတ်ထားနိုင်ရမယ်၊
သားသမီး ဇနီးခင်ပွန်းကိုအဆက်ဖြတ်ရုံနဲ့
မရသေးဘူး၊ မိမိသန္တာန်မှာရှိနေတဲ့
သုံးဆယ်နှစ်ကောဌာသ ဆိုပါစို့၊
အဲဒါတွေဟာ တဏှာဒိဌိဖြစ်စရာအာရုံတွေပဲ။
မျက်စိကလည်း ငါ၊ သွားကလည်း ငါ၊
နှာခေါင်းကလည်း ငါ၊လျှာကလည်း ငါ၊
ခြေထောက်လည်း ငါ၊အကုန် ငါချည်းပဲ၊
အဲဒီလိုဖြစ်နေတော့ ဒီနေတော့ ဘာဖြစ်နေလို့၊
တရားထိုင်လို့ မဖြစ်သေးပါဘူး၊
တရားလေး တစ်နာရီလောက်ထိုင်ပါတယ်၊
ဒူးက ဘာဖြစ်လို့၊ခါးက ဘာဖြစ်လို့ဆိုတော့
အဲဒီအာရုံတွေနဲ့ပဲ မိနစ်(၅၀)လောက်ကုန်နေပြီ၊
အဲဒါဘာတွေလဲ..? တဏှာဒိဌိအာရုံတွေ။
ဝိပဿနာတရားရှုတော့မယ်ဆိုရင်
အဲဒီကိလေသာဖြစ်စရာ အာရုံတွေကို
အားလုံးကို အဆက်ဖြတ်၊
အဆက်ဖြတ်တယ်ဆိုတာ ဥပေက္ခာပြုတာ၊
တစ်နာရီအတွင်းမှာ အရာအားလုံးသည်
ငါမဟုတ်ဘူး၊ငါ့ဥစ္စာမဟုတ်ဘူး၊ငါနဲ့မဆိုင်ဘူး၊
သူ့ဖာသာ နာချင်နာ၊ကိုက်ချင်ကိုက်၊
ငါနဲ့မဆိုင်ဘူးလို့ ဥပေက္ခာပြုထားလိုက်ပါ၊
တရားစခန်း(၁၀)ရက်အတွင်းမှာ
တရားကို တကယ်ရချင်တယ်ဆိုရင်
အိမ်ကိစ္စတွေ နားမထောင်နဲ့၊လက်မခံနဲ့၊
ရှိသမျှအရာအားလုံးကို ဥပေက္ခာပြုပြီး
ကြိုးစားအားထုတ်လိုက်ပါ သူတော်ကောင်းတို့။
ကျိုက္ကလော့ဆရာတော်
အဂ္ဂမဟာပဏ္ဍိတ၊
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊
ဒေါက်တာဘဒ္ဒန္တစန္ဒာဝရာဘိဝံသ
Credit to Original Writer
24/05/2026
“ အကျိုးကိုကြည့်ရင် အကြောင်းကိုသိတယ် “
ပဋိစ္စသမုပ္ပါဒ်မှာ ကြည့်လိုက်ပါ၊
ပစ္စုပ္ပန်အကျိုးခန္ဓာသည်
တခြားလား၊ခန္ဓာငါးပါးလား..? ခန္ဓာငါးပါး၊
အဲဒါဆိုရင် ပေါ်ဆဲခန္ဓာသည်
အကြောင်းလား၊အကျိုးလား..? အကျိုးပေါ့၊
ဒါဆို ဟောဒီဉာဏ်နဲ့ဆုံးဖြတ်တာသည်
အကျိုးကို ဆုံးဖြတ်တာပဲပေါ့။
ဒီတော့ ဟောဒီဉာဏ်နဲ့ဆုံးဖြတ်တာသည်
အကျိုးကိုဆုံးဖြတ်တာဖြစ်တဲ့အတွက်
အကျိုးတရားနဲ့ပတ်သက်တဲ့ဒိဌိ စင်တယ်၊
အကျိုးတရားနဲ့ပတ်သက်တဲ့ဝိစိကိစ္ဆာ စင်တယ်၊
ဘုန်းကြီးတို့တရားဟောနေတာသည်
အတွေ့အကြုံရှိနေကြတဲ့ယောဂီတွေကိုပဲ
အာရုံပြုပြီး ဟောနေတာဖြစ်တဲ့အတွက်
နားလည်ကြလိမ့်မယ်လို့ ထင်ပါတယ်။
ပေါ်ဆဲခန္ဓာသည် အကျိုး၊
ကိုယ့်မျက်စိအောက်ရောက်လာတာသည် အကျိုး၊
ဒီတော့ ကိုယ့်မျက်စိအောက်ရောက်လာတဲ့
အကျိုးခန္ဓာကို ဟောဒီဉာဏ်က
ပုဂ္ဂိုလ် သတ္တဝါ ငါမဟုတ်ဘူး၊
ဒါရုပ်တရားပဲ၊ဒါနာမ်တရား၊ခန္ဓာတရားပါပဲလို့
ဘာလုပ်လိုက်တာလဲ..? ဆုံးဖြတ်ချက်ချလိုက်တာ၊
ဒါကို “နိဌင်္ဂတော သဒ္ဓမ္မေ” လို့ခေါ်တယ်။
ဒီတော့ အကျိုးအပေါ်မှာ ဒိဌိစင်တယ်၊
အကျိုးအပေါ်မှာ သံသယဝိစိကိစ္ဆာလည်းစင်တယ်၊
ဒါပေမဲ့ အကြောင်းတရားအပေါ်မှာ
ဒိဌိနဲ့ဝိစိကိစ္ဆာ စင်ပြီလား..? မစင်သေးဘူး၊
ဒါဆို အကြောင်းတရားကိုမြင်အောင်ကြည့်ဖို့
မလိုဘူးလား..? လိုသေးတယ်နော်။
ဒါဆိုရင် အကြောင်းကိုလိုက်ကြည့်ရမှာလားဆို
တော့ ဒီလိုလည်း မဟုတ်ဘူး၊
အကျိုးကိုကြည့်ရင်းနဲ့ပဲ
အကြောင်းကို အလိုလိုသဘောပေါက်ပါတယ်၊
အကျိုးကိုကြည့်ရင်း ကြည့်ရင်းနဲ့
ဪ…အကြောင်းကြောင့် အကျိုးဖြစ်တာပဲ၊
အကြောင်းကြောင့် အကျိုးဖြစ်တာပဲလို့
အကြောင်းကို သဘောပေါက်သွားတဲ့အခါ
အကြောင်းတရားနဲ့ပတ်သက်တဲ့
ဆုံးဖြတ်ချက်လည်း ကျသွားတာပါပဲတဲ့၊
သဘောပေါက်ရဲ့လား..?
ဒီတော့ ဘုန်းကြီးတို့ပရိတ်သတ်တွေ
အကြောင်းပြောပြော အကျိုးပဲပြောပြော၊
ပြောချင်တာကို ပြော၊
ဒါရုပ်တရားပဲ ဒါနာမ်တရားပဲလို့
ဆုံးဖြတ်ချက်ကျပြီဆိုရင် ဘာဖြစ်လဲ..?
ဒိဌိကိလေသာစင်တယ်လို့ မှတ်လိုက်ပါ၊
ဒါရုပ်တရားဟုတ်ရဲ့လား..?
ဒါနာမ်တရားဟုတ်ရဲ့လားလို့
သံသယမရှိတော့ဘူးဆိုရင်
ဝိစိကိစ္ဆာကိလေသာစင်တယ်လို့ မှတ်လိုက်ပါ။
နောက်က အကြောင်းတရားသည်
တခြားလား၊ရုပ်နာမ်လား..? ရုပ်နာမ်နော်၊
ရှေ့က အကျိုးတရားကလည်း
တခြားလား၊ရုပ်နာမ်လား..? ရုပ်နာမ်နော်၊
ဒါပဲပေါ့၊လူကမွေးလို့ လူဖြစ်တာလေ၊
ခွေးကမွေးရင် ခွေးပဲဖြစ်မှာပေါ့၊
ရုပ်နာမ်အကြောင်းကြောင့်
ရုပ်နာမ်အကျိုးဖြစ်တာပေါ့။
ပါဠိတော်မှာတော့ အတူတူပါပဲ၊
အဌကထာကျတော့မှ
အကျိုးနဲ့ပတ်သက်တော့ ဒိဌိ၊
အကြောင်းနဲ့ပတ်သက်တော့ ဝိစိကိစ္ဆာ၊
အဌကထာကျမှ ဒီလိုဖြစ်သွားတာပါ၊
အကြောင်းတွေအကျိုးတွေလာပြောလို့
ရှုပ်ကုန်တာပါ၊
အကျိုးတရားဖြစ်ဖြစ်၊ အကြောင်းတရားဖြစ်ဖြစ်၊
တခြားလား၊ရုပ်နာမ်လား..? ရုပ်နာမ်နော်၊
ရုပ်နာမ်ကိုရုပ်နာမ်ပါပဲလို့ ဆုံးဖြတ်ချက်ကျရင်
ဒိဌိကိလေသာ စင်ပါတယ်၊
သံသယမရှိတော့ဘူးဆိုရင်
ဝိစိကိစ္ဆာကိလေသာစင်ပါတယ်လို့
အဲဒီလို မှတ်လိုက်ပါ။
ကျိုက္ကလော့ဆရာတော်
အဂ္ဂမဟာပဏ္ဍိတ၊
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊
ဒေါက်တာဘဒ္ဒန္တစန္ဒာဝရာဘိဝံသ
22/05/2026
" အဆင့်လိုက် ဒိဌိပယ်သတ်ခြင်း "
ဝိပဿနာမရှုခင်မှာ
ဒိဋ္ဌိပြုတ်တယ်ဆိုတာက
ညာတပရိညာနဲ့ပြုတ်တဲ့အဆင့်ပဲရှိပါသေးတယ်၊
ခိုင်ခိုင်မာမာပြုတ်တယ်လို့တော့
မဆိုနိုင်သေးဘူးပေါ့။
ဝိပဿနာဉာဏ်ရယ်လို့ဖြစ်လာရင်တော့
တီရဏပရိညာနဲ့ပြုတ်တယ်လို့ပြောလို့ရပါတယ်၊
အဲဒီဝိပဿနာဉာဏ်လေးကရင့်သွားပြီဆိုရင်
ပဟာနပရိညာနဲ့ပြုတ်တယ်လို့ ပြောနိုင်ပါပြီ၊
ပဟာနပရိညာနဲ့ပြုတ်တယ်ဆိုတော့
ပဟာနဆိုတဲ့စကားလုံးက ပယ်တာ၊
ဘာကိုပယ်တာလဲ..? ဒိဋ္ဌိကိုပယ်တာ။
ဒိဋ္ဌိက ပယ်ခြင်းအဆင့်သုံးမျိုးရှိတယ်-
(၁) ဝီတိက္ကမကိလေသာကိုပယ်တယ်၊
(၂) ပရိယုဋ္ဌာနကိလေသာကိုပယ်တယ်၊
(၃) အနုသယကိလေသာကိုပယ်တယ်။
ဝီတိက္ကမကိလေသာဆိုတာက
ကာယကံ,ဝစီကံမှာ လက်တွေ့
အကောင်အထည်ဖော်လိုက်တဲ့ ဒိဋ္ဌိကိလေသာ၊
ဒိဋ္ဌိလို့သာပြောနေတာ၊
ကျန်တဲ့ကိလေသာတွေလည်း
သူ့အတိုင်းအတာနဲ့သူတော့ ပါတာပေါ့။
ဝီတိက္ကမတို့၊ပရိယုဋ္ဌာနတို့ဆိုတာက
ကိလေသာအဆင့်လို့ခေါ်တာ၊
ကာယကံမှာ ဒိဋ္ဌိရဲ့အရိပ်နိမိတ်မပေါ်တော့ဘူး၊
ဝစီကံမှာ ဒိဋ္ဌိရဲ့အရိပ်နိမိတ်မပေါ်တော့ဘူးဆိုရင်
ဝီတိက္ကမကိလေသာကို ပယ်တယ်လို့ခေါ်တယ်။
ကာယကံမှာ ကိလေသာမဖြစ်အောင်
ထိန်းချုပ်ထားနိုင်ပြီ၊
ဝစီကံမှာလည်း ကိလေသာမဖြစ်အောင်
ထိန်းချုပ်ထားနိုင်ပြီဆိုရင်တော့
ဘယ်အဆင့်ပယ်ရာရောက်သလဲ..?
ဝီတိက္ကမအဆင့် ပယ်ရာရောက်တယ်။
အခုလို ညာတပရိညာနဲ့တရားနာချိန်မှာ
ပုဂ္ဂိုလ်သတ္တဝါ မဟုတ်ဘူး၊
ငါမဟုတ်ဘူးဆိုတဲ့ အသိလေးတွေရသွားပြီ၊
အဲဒီလိုရသွားပြီဆိုရင် ကာယကံနဲ့ဝစီကံမှာ
အထိုက်အလျောက် ထိန်းနိုင်သွားပြီ၊
အဲဒါကြောင့် ညာတပရိညာအဆင့်မှာ
ဝီတိက္ကမကိလေသာပယ်တယ်လို့မှတ်ပါ။
ဒုတိယအဆင့်က ပရိယုဋ္ဌာနအဆင့်၊
ပရိယုဋ္ဌာနအဆင့်ဆိုတာ
စိတ်ထဲမှာဖြစ်တာ၊မနောကံမှာဖြစ်တာ၊
အဲဒီစိတ်ထဲမှာဖြစ်တဲ့အစွဲကို
အခုလို ညာတပရိညာအဆင့်နဲ့
အထိုက်အလျောက်တော့ ပယ်တယ်၊
ဒါပေမဲ့ သေချာပေါက်တော့မပြောနိုင်ပါဘူး။
တီရဏပရိညာဆိုတာက ကိုယ်တိုင်ရှုမှတ်တာ၊
ကိုယ်တိုင် သဘောပေါက်တာ၊
ရုပ်နာမ်ကိုမြင်တဲ့အချိန်မှာ ပုဂ္ဂိုလ် သတ္တဝါ ငါဆိုတဲ့
အမြင်လေးကင်းစင်သွားတယ်၊
အမြဲမဟုတ်ပေမဲ့ အခိုက်အတန့်ကင်းစင်သွားပြီ။
ဘယ်အချိန်မှာ ကင်းစင်တာလဲ..?
ရုပ်နာမ်ကိုသဘောပေါက်တဲ့အချိန်မှာ၊
ဘယ်မှာကင်းစင်တာလဲ..?
စိတ်ထဲမှာ ကင်းစင်သွားတာ၊
အဲဒါကြောင့် စိတ်ထဲမှာကင်းစင်ရင်
ဘယ်အဆင့်လဲ..?
ပရိယုဋ္ဌာနကိလေသာအဆင့်။
ဘာကိလေသာကျန်လဲ..?
အနုသယကိလေသာကျန်သေးတယ်၊
အနုသယဒိဋ္ဌိကြတော့
ဝိပဿနာဉာဏ်ဖြစ်မှပယ်တာ၊
ဝိပဿနာဉာဏ်ကိုမှ ဖြစ်ပျက်မြင်ရုံနဲ့မရဘူး၊
ဖြစ်တာတွေမမြင်တော့ပဲနဲ့
ပျက်တာတွေချည်းပဲ တစ်တန်းတစားထဲမြင်ပြီး
ဟာ..ဒါက ဒုက္ခသစ္စာပဲ၊ ဒုက္ခသစ္စာပဲလို့
အဲဒီလိုအသိလေးတွေတန်းစီပြီးတော့
ဒုက္ခကိုကောင်းကောင်းသဘောပေါက်ချိန်ကြမှ
အနုသယကိလေသာကိုစပြီးပယ်ပါတယ်။
ဘုန်းကြီးတို့ပရိတ်သတ်တွေ
အကုန်ပယ်သေးတာမဟုတ်ဘူးနော်၊
ဘယ်လိုပယ်တာလဲ..?
စပြီးပယ်တာ၊စပြီးပယ်တာ၊
အဲဒီအချိန်ကြမှ စပြီးပယ်တာ။
ဖြစ်ပျက်လေးမြင်ရုံလောက်နဲ့
ငါဒိဋ္ဌိမရှိတော့ဘူး၊ဒိဋ္ဌိမရှိတော့ဘူးလို့
ကိုယ့်ကိုယ်ကိုယ်သိပ်အထင်မကြီးနဲ့၊
ဖြစ်ပျက်မြင်တဲ့အဆင့်နဲ့တောင် မရသေးဘူး၊
အပျက်တွေချည်းပဲတစ်တန်းတစားထဲမြင်မှ၊
ဒုက္ခသစ္စာတွေချည်းပဲတစ်တန်းတစားထဲမြင်မှ
အနုသယကိလေသာလေးကို စပယ်ပါတယ်။
အဲဒီလိုပယ်ရင်းပယ်ရင်းကနေပဲ
ဖြစ်ပျက်မြင်ရာကနေ ဖြစ်ပျက်မုန်းလို့
ရုပ်နာမ်ရဲ့သဘာဝတွေကိုငြီးငွေ့နေပြီ၊
ငြီးငွေ့ရာကနေ လွတ်ချင်ကျွတ်ချင်ပြီ၊
ဉာဏ်က ရုပ်နာမ်ဆီကနေပြေးထွက်နေပြီဆိုရင်
အနုသယကို ရာနှုန်းအတော်များများ
ပယ်ပြီးသားဖြစ်သွားပါပြီ။
အဲဒီလိုကနေ ဖျတ်ဆို
အနုသယရာနှုန်းပြည့်ပယ်ပြီးဖြစ်သွားတဲ့အချိန်
ဝိပဿနာဉာဏ်က လောကုတ္တရာမဂ်ဉာဏ်ကို
ပြောင်းသွားပါတယ်လို့သဘောပေါက်ပြီး
အားလုံး သာဓုခေါ်လိုက်ကြ။
ကျိုက္ကလော့ဆရာတော်
အဂ္ဂမဟာပဏ္ဍိတ၊
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊
ဒေါက်တာဘဒ္ဒန္တစန္ဒာဝရာဘိဝံသ
21/05/2026
#ဦးဗုဓ်နှင့်နန်းမတော်မယ်နုကျောင်းအလှူ
တစ်ခါက ဘကြီးတော်မင်းလက်ထက် (၁၁၈၁-၁၁၉၉)
စာတတ်အကျော် ညောင်ကန်ဆရာတော် ဦးဗုဓ်၏
အုတ်ကျောင်းအမ မိဖုရားခေါင်ကြီး နန်းမတော်မယ်နု
သည် မိမိအလှူဒါနများနှင့်စပ်၍ ဆရာတော်ဦးဗုဓ်အား
ဤသို့လျှောက်ဖူး၏။
မယ်နု ။ ။ တပည့်တော်မသည် အင်းဝမြို့ရှိ ဤအုတ်
ကျောင်းကြီးကို သုံးသိန်းကျော် အကုန်အကျခံ၍
ဆောက်လုပ်လှူဒါန်းပါသည်။ ဇာတိရွာ ဖလံခုံ၌လည်း
တစ်သိန်းကျော်မျှအကုန်အကျခံ၍ ဆောက်လုပ်
လှူဒါန်းပါသည်။
ထိုသို့လှူရပါသော်လည်း ကောင်းမှုတရားတို့၌ အားရ
တင်းတိမ်ခြင်း မရှိနိုင် ဖြစ်ပါ၍ အခါခပ်သိမ်း ဆွမ်း
သင်္ကန်း ထီး ဖိနပ် စသော ဝတ္ထုများကိုလည်း လှူဒါန်း
လျက် ရှိပါသည်။ ထိုကုသိုလ် ဒါနများ၏ အကျိုး
တရားတို့ကို ဟောကြားတော်မူပါဘုရား။
ဦးဗုဓ် ။ ။ ( နန်းမတော်မယ်နုအား ရွှေဖလားနှင့် ရေ
အပြည့်ခပ်ယူစေ၍ တစ်စက်မကျန် သွန်ပစ်စေပြီး
နောက် ) အင်း... နင့်အလှူမှာ ယခုသွန်ပစ်လိုက်သော
ရေနှင့် လှူလို့ကုန်သော ပစ္စည်းနှင့် တူ၏။ ဖလား၌ ကပ်
ကျန်ရစ်ခဲ့သောရေနှင့် အကျိုးရသည်နှင့် တူ၏။
( ဘဝသမ္ပတ္တိ၊ ဘောဂသမ္ပတ္တိကို မျှော်၍လှူသော
ကုသိုလ်သည် ယုတ်ညံ့သည်ဟု ဆိုလို၏။)
ထိုသို့ ဟောလိုက်သည်ကို မကျေနပ်၍ စစ်ကိုင်းတောင်
ဘီလူးဆရာတော်ကြီးအား သွား၍လျှောက်ပြန်ရာ..
တောင်ဘီလူး ။ ။ တကတည်းဗျာ.. ငါတို့သာသနာမှာ
စာတတ်သူနည်းပါး၍အားမဲ့နေရာ တောင်ဘက်ကမ်းက
ဦးဗုဓ်တစ်ပါးဖြင့် ရှိသေးရဲ့လို့ အားကိုးနေပါတယ်..
တယ်မျက်နှာလိုက်သကိုးဟု မိန့်တော်မူလိုက်လေသည်၊
▪
[ ဘုရားမ,ခံချင်သူ၊ ဘုရားကို နားပူနားဆာတိုက် ]
ဒါနစသော သာသနာရေး လူမှုရေးအလုပ်များကို
လုပ်ကြရာ၌ ဝိဇ္ဇာအကူ နတ်အကူမှအစ လက်ဖွဲ့ငွေ၊
ကူငွေအထိ ..အပြင်အပမှ အကူအညီ အမ,အစကို
မဆိုထားဘိ၊ အမှန်တကယ်ရရှိနိုင်သော အကျိုးများကို
ပင် မမျှော်ရ။ အကျိုးရလိုမှု ရှေ့တန်းမတင်ရ။
"ဤရတနာသုံးပါးဝတ်ကို ငါအဘယ်ကြောင့် လုပ်သင့်
သနည်း.."ဆိုသည်ကိုသာ အပြန်ပြန် အလှန်လှန် စဥ်း
စားသင့်၏။ ကျေနပ်အောင် လေ့လာသင့်၏။ ကိုယ့်
ကိုယ်ကိုယ် မေးစစ်သင့်၏။
လေးသချေနှင့် ကမ္ဘာတစ်သိန်း ကိုယ်တော်တိုင်ဘဝ
များစွာ အနစ်နာခံပြီးမှ ရရှိသိမြင်သောတရား၊
တစ်စွန်းတစ်စ သိရုံမျှဖြင့်ပင် ငါ့မှာသက်သာရာ
ချမ်းသာခွင့် ရပေ၏..။
ထိုတရားတော်များကို မပျောက်ပျက်အောင် အစဥ်
အဆက် ထိန်းသိမ်းစောင့်ရှောက်၍ သတ္တဝါ အများ
ချမ်းသာအောင် ဆောင်ရွက်တော်မူနေကြသော
သံဃာတော်များ..ငါ့မှာ ဆပ်၍မကုန်နိုင်သော ကျေးဇူး
တွေ များလှပါတကား..။
ငါလှူတာ သူဌေးဖြစ်ချင်လို့လား.. နတ်ပြည်ရောက်ချင်
လို့လား..ကျေးဇူးဆပ် ပူဇော်တာလား..သည်တရား
တွေ တည်တံ့ပြန့်ပွားအောင် ထောက်ကူတာလား..
သင်ရှာဖွေထားသောပစ္စည်းကသာ ရိုးသားမှန်ကန်ပါစေ
ဓမ္မိယလဒ္ဒ ဖြစ်ပါစေ..ဤလောက၌ မြတ်စွာဘုရား
ကိုယ်တော်မြတ်ကြီးထက် ထူးသော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်
မြတ်ဟူ၍ အဘယ်မှာ ရှိနိုင်ပါတော့အံံ့နည်း။
ထိုပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ကြီးကို ကျွုန်ုပ်တို့ အမြဲတမ်း
ရရှိနေပါ၏။ ဤကမ္ဘာမြေထုကြီးကပင် နှစ်ပါးပြိုင်၍
ထမ်းဆောင်ရန် မစွမ်းနိုင်လောက်အောင် ဂုဏ်ကျေးဇူး
ထုထည် ကြီးမြတ် လေးလံတော်မူလှသော ဤသို့သော
အတုမဲ့ ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်ကြီးအား ပေးလှူပူဇော်ရ
သော သင့်ကုသိုလ်ကား သူဌေးဖြစ်လိုလျှင်လည်း မုချ
ဖြစ်လာစေမည်ဟု အကြွင်းမဲ့ ယုံကြည်ပါလေ။
သို့သော် ဘာကြောင့် သင်ဒီအလုပ် လုပ်သည်ဆိုတာကို
တော့ သင်သိဖို့ လို၏။ အဘယ့်ကြောင့်ဆိုသော် သင့်
အသိကသာ သင့်အားမြှင့်တင်ကယ်မ၍ ဘုရားရှင်က
ကယ်မ,မည် မဟုတ်သောကြောင့်တည်း။.
ဤ၌ အမျိုးသမီးနှစ်ယောက် ဗုဒ္ဓအပေါ် သဘောထားပုံ
တစ်ကယ့်အဖြစ်အပျက် နှစ်ခုကို ဖော်ပြလို၏။
တစ်ဦးက တစ်ယောက်သောသား သေလုမျောပါး ဖြစ်
နေ၏။ တစ်ဦးမှာ စိတ်မပြည့်သောသားနှင့် မိမိ
လင်ယောကျာ်း ရာထူးတက်ရန် ပြင်းပြနေသူ ဖြစ်၏။
ဘုရားကို ပန်း ရေချမ်း ဆွမ်း တစ်ခုပြီးတစ်ခု သွားလှု
လိုက်၊ အပူတပြင်း အငန်းမရ ရသမျှ တတွတ်တွတ်
ရွတ်လိုက် ဖတ်လိုက်၊ ဘုရားကို နားပူနားဆာ တိုက်ကြ
သည်။
သာသနာစောင့်နတ်ကြီးများကိုလည်း နားငြီးလောက်
အောင် အခေါက်ခေါက် ပင့်ခေါ်တိုင်တောလိုက်ကြ
သေး၏။
ခဏခဏ ပန်းရေချမ်းကပ်၊ ဆင်းလိုက် တက်လိုက်
ရွတ်ဖတ်နေသည့်ကြားကပင် တစ်ဦးမှာ သား
ကွယ်လွန်၍၊ တစ်ဦးမှာ လင်အရာရှိကြီး ရာထူးကျ၏။
သြဇာသီးနှင့် ကြာဆန် ဓာတ်ဆင်သော အလှူကလည်း
မကယ်တော့ပေ။
ထိုအခါ ဘုရားရှေ့သွား၍ ဘုရားကို လက်ညှိုးထိုးပြီး
နင်နှင့်ငါနှင့် အပြတ်ဟု ပြောဆိုမိကြရှာလေတော့၏။
ဂိုဏ်းလမ်းစဥ်၌ သက်ဝင်ကြီးပြင်းခဲ့ရသူများပီပီ
ဘုရားရှင်က မ,လိမ့်မည်ဟု မျှော်လင့်ထားကြဟန်
တူလေသည်။
"တုမှေဟိ ကိစ္စ" မာတပ္ပံ၊
အက္ခာတာရော တထာကတာ။ (ဓမ္မပဒ)
ဘုရားရှင်တို့မည်သည် ဟောကြားညွှန်ပြရုံသာ ပြနိုင်
ကြကုန်၏။ ကြိုးစားအားထုတ်မှုကား သင်တို့
ကိုယ်တိုင် လုပ်ရပေမည်။
ကိုယ်ပိုင်သာသနာအင်အား နည်းသူများကား မ,စတတ်
သော နတ်သိကြားများပင် မ,၍ ရမည်မဟုတ်။
သွားတဲ့လမ်းရှေ့က ရွှေအိုးကြီးချပေးလျှင် မော့၍
ကျော်၍ သွားလိမ့်မည်။
တစ်ဖန် သွားလမ်းသစ်ပင်ကိုင်း၌ ချိတ်ဆွဲပေးထားလျှင်
လည်း ငုံ့၍ သွားလိမ့်မည်။
"မဖြစ်ချေဘူး လက်ထဲကို ထည့်ပေးမှပဲ"ဟု အောင့်မေ့
ကာ လမ်းသွားခိုက် လိုက်၍ပေးလျှင်လည်း တစ္ဆေ
ခြောက်သည်၊ ဓားပြတိုက်သည်ထင်ကာ ထွက်ပြေးလိမ့်
မည်။
ရတနာရှိရာကိုမှ ရတနာလာတတ်သည် မဟုတ်ပါလား။
ထိုမှတစ်ပါး ယခုပြုလုပ်သော ကုသိုလ် ကောင်းမှု
အတွက် ယခုလက်ငင်း ဒိဌအကျိုးကျေးဇူးကိုမျှော်လင့်
သည်မှာလည်း အလွန်မှားယွင်းသော မျှော်လင့်ချက်
ဖြစ်၏။
▪ [ ဒါနကိုဘယ်လောက်ယုံသလဲ ]
အထူးသဖြင့် ဘာသာရေးကိစ္စအဖြာဖြာ၌ လုပ်ဆောင်
သူ၏ ယုံကြည်မှုသဒ္ဓါ အတိုင်းအတာနှင့် စေတနာသည်
အရင်းခံ ပစ္စည်းများ ဖြစ်ကြ၏။
မရှိမဖြစ်သော အရင်းအနှီးများ ဖြစ်ကြ၏။
"ယုံကြည်၍ လုပ်နေပါသည်"ဆိုရစေကာမူ အနုနှင့်
အရင့် ဒီဂရီ ကွာမြဲဖြစ်၏။
စေတနာကား ကမ္မသတ္တိ ကမ္မနိယာမ၏ အရာဖြစ်ရာ
သာ၍ ကျယ်ဝန်း၏။ လေးနက်၏။ တစ်ကျမ်းတစ်ဖွဲ့
ရေးမှ အထိုက်အလျောက် ဉာဏ် ကျက်စားနိုင်သည်။
ထို့ကြောင့် ယုံကြည်ခြင်း သဒ္ဓါကိုသာ ဤ၌ ဖော်ပြ
လို၏။ ယုံကြည်မှုတိုးပွားစေမည့် စာများကို ဖတ်ရ၏။
နာရ၏။ ကျက်ထားရ၏။ အထူးသဖြင့် အထပ်ထပ်
ရွတ်ဆိုကြည့်ရ၏။
ပရိတ်အမွှန်းဂါထာအနက်များ၊ ဂုဏ်တော်အနက်များ၊
ဆိုင်ရာလင်္ကာသံပေါက်များ ..
ဥပမာ - အရဟံဂုဏ်တော်တစ်ပုဒ်၏ အနက်ကိုကျက်
ပြီး အထပ်ထပ် ရွတ်ကြည့်ပါ။
မကြာမီ နှုတ်မှ၊ နားမှ နှလုံးသားသို့ ပြောင်းလဲစီးဝင်
သွားကာ ကျေနပ်လာမည်..သဘောအနက်များပါ
ကွက်ကွက်ကွင်းကွင်း ပေါ်လာမည်။
အရဟံ"ဟူသော စကားလုံးတစ်ခု၏ အနက်အဓိပ္ပာယ်
သဘောသဘာဝကို စဥ်းစားနေခြင်းသည်ပင် ဗုဒ္ဓါနုဿ
တိ ကမ္မဌာန်း မည်တော့သည်။
"ဒီစာကို မရွတ်ပါနှင့်၊ စဥ်းစားမနေပါတော့နှင့်"ဟု တား
သော်လည်း သဘောအမှန် ချမ်းသာအမှန်ကို ကိုယ်တိုင်
သိရှိသွားပြီ ဖြစ်သဖြင့် မရွတ်ဘဲ မစဥ်းစားဘဲ မနေနိုင်
ပြီ။
ရွတ်တိုင်း၊ စဥ်းစားတိုင်း ချမ်းသာအတိပြီးသည်ကို
ကိုယ်သာ သိလေသည်။
အမျိုးမျိုးသော ကောင်းကျိုးရပုံ ဘေးရန်ကင်းပုံ
စသည်တို့မှာ "ယုံပါသည်"ဆိုသူများပင် မယုံနိုင်အောင်
ဖြစ်ရလေတော့၏။
အထူးသဖြင့် ဤကဲ့သို့ သဒ္ဓါကို ထူထောင်နေသောအခါ
သဒ္ဓါ နည်းသူများကို ကြပ်ကြပ်ရှောင်ကွင်းရမည်။
မည်သည့်ဘာသာရေးကိစ္စမဟူ သဒ္ဓါ မှ ပညာသို့
မကူးပြောင်းသေးသမျှ မခိုင်မြဲ၊ အင်အားလည်း
နည်း၏။ အကျိုးသက်ရောက်မှုလည်း မထက်သန်ချေ။
သီလ သမာဓိ ပညာ သာသနာသုံးရပ်၏ အခြေအမြစ်
ဖြစ်သော ဒါနလုပ်ငန်းမှာ သဒ္ဓါလောက်နှင့်မလုံလောက်၊
ခရီးမရောက်။
ကိုယ်ပိုင်အသိ၊ ကိုယ်တွေ့အသိ ပညာသို့ရောက်မှ
ဒါန၏အဓိပ္ပါယ်ကို နားလည်နိုင်၏။
ဒါနအလုပ်တွင် သိကြား၊ မာရ်နတ်တို့ ခြိမ်းခြောက်
တားမြစ်၊ သတ်ညှစ်မည်လုပ်သော်လည်း နောက်မ
ဆုတ်သောစိတ်မှာ သဒ္ဓါ မှ ပညာသို့ သက်ဝင်ပြီးသော
ဒါနရှင်တို့၏ အင်အားသတ္တိ ဖြစ်လေသည်။
(ဓမ္မာစရိယဦးဌေးလှိုင်- ဓမ္မဒူတ )
Credit to Original. Writer
20/05/2026
#မြင့်လိုလျှင်အမြတ်ကိုရှုကြည့်
▪ရဟန်းဆိုတာ ရန်ကိုအောင်လို့ ပူဇော်အထူးကို
ခံယူထိုက်သူတို့ရဲ့ အမည်။
▪သံဃာဆိုတာ ဘုရားရှင်နှင့် အကျင့်တူ အမြင်
တူသူတို့ရဲ့ အခေါ်အဝေါ်။
▪သင်္ကန်းဆိုတာကတော့ ပူဇော်အထူး ခံထိုက်သူ
ဆိုတာ အများတို့သိအောင် လွှင့်ထူထားတဲ့ အလံတံခွန်
(သို့)စစ်ပွဲအောင်သဖြင့် လွှင့်ထူထားတဲ့ အောင်လံတော်။
အဲဒီအောင်လံနှင့် တွဲဖက်ထားတဲ့ ရုပ်ရည်ရူပကာယ
တော်ကြည့်ပြန်တော့လည်း ရန်မီးငြိမ်းလို့ အေးဆေး
သော မျက်နှာထား..
ရန်သူလွတ်လို့ တည်ကြည်သောဣန္ဒြေ၊ ရန်အောင်ထား
လို့ ကလက်မှု ကင်းတဲ့ တက်ကြွလန်းဆန်းမှု အသွင်..
သည်လို ဝင့်ဝါ၍ အေးသောကိုယ်တို့ကို ကြည့်မိရှုမိသူ
မှာ လရောင်အောက် လျှောက်သောသူလို အေးလာစေ
တယ်။
စမ်းရေသောက်ခွင့်ရသော ခရီးသွားလိုလည်း အမော
ပြေစေတယ်။
ကိုယ့်ထံရှိ အပူမှန်သမျှ ငြိမ်းပြီး၊ ကိုယ့်ထံ ကိန်းနေတဲ့
ကိလေသာအပူတွေလည်း ငြိမ်ကျသွားစေနိုင်တယ်။
ကိလေသာငြိမ်းနေတဲ့ သာမဏ အမည်ရလေတဲ့ ထို
ရဟန်းမျိုးတို့နဲ့ တွေ့လျှင် ဖူးလည်းဖူး မျှော်လည်းမျှော်
ကြရဦးမယ်ကွယ့်။
ဖူးပြီး မမျှော်လျှင်လည်း ရှေ့တက်လှမ်း မရှိတတ်ဘူး။
မျှော်ပြီး မဖူးလျှင်လည်း လက်ရှိအေးငြိမ်းမှုအပြည့် မရ
နိုင်ဘူး။
- ဖူးတယ်ဆိုတာ သူ့ဂုဏ်လိုက်ကြည့် စိတ်စိုက်ထည့်
ထားတာ။
- မျှော်တယ်ဆိုတာ "သြော်.. သူ့လို ငါဘယ်တော့များ
ဖြစ်မလဲလို့" တောင့်တတာ။
မိမိတို့ရဲ့ သားချော သမီးလှရတနာလေးတွေအပေါ်
မခိုင်းရက်၊ မစေရက်၊ မဆိုရက်၊ မပြောရက်နဲ့
ဖူးဖူးမှုတ်ထားကြတယ် မဟုတ်ပါလား။
ဖူးဖူးမှုတ်တယ်ဆိုတာ ရတနာအပေါ် မြူမတင်အောင်၊
တင်တဲ့မြူ ကွာကျသွားအောင် လုပ်ပေးရတာပါပဲ။
အရိပ်ကြည့်တာကတော့ မြူမတင်တဲ့ အလှရဲ့ အေးရိပ်
ကလေးကြည့်ပြီး အေးနေချင်တာ။
ဒီလိုပါပဲ... ကိလေသာ အငွေ့အသက် ကင်းသဖြင့်
အေးငြိမ်းဖြူစင်နေတဲ့ ရဟန်းအသွင်ကိုများ ဖူးခွင့်ရ
လျှင် တောက်နေတဲ့မီးတောင် ငြိမ်းစေနိုင်တယ်။
ရဟန်းရဲ့ အေးသော ငြိမ်းသောအသွင်ကိုလည်းကောင်း
ထိုအသွင်နဲ့လိုက်ဖက်တဲ့ ဝင်းသောဝါသော အရောင်
အသွေးကိုလည်းကောင်း ကြည့်ရှုခွင့်ရချိန်မှာ ..
ပူပန်လိုစိတ်တွေ အေးမြလာတယ်။ နောက်ကျူစိတ်
တွေ ကြည်လင်လာတယ်။ ဒါက ကျရောက်လာမယ့်မြူ
မှုတ်ထုတ်ပစ်လိုက်တာပဲ။
ဝါဝင်းတဲ့အရောင်ဟာ သဒ္ဓါသွေး ရှိသူကိုသာ လှုံ့ဆော်
ပေးတတ်တယ်။
သဒ္ဓါစိတ် ဖြစ်ပေါ် နိုးကြားလာပြီ ဆိုရင်လည်း သဒ္ဓါ
နောက် ပညာပါရလိမ့်ဦးမယ်။
ပညာပါတဲ့သဒ္ဓါမှ ပုဂ္ဂိုလ်နဲ့သံဃာ ကွဲပြားစွာသိ၊အကျင့်
ဂုဏ်နဲ့ ပုဂ္ဂိုလ်ဂုဏ် အစုံညှိပြီး ပုဂ္ဂိုလ်စွဲ လွတ်မယ့်
ဖူးမြင်မှုမျိုး ဖြစ်မှာ။
သို့မဟုတ်က လူခင်သလို ခင်၊ လူမင်သလို မင်ပြီး
သံဃာအပေါ် လူပေါင်းပေါင်းမိမှားလျှင် တစ်ဖက်
သံဃာ ရတနာမှာလည်း မြူတင်စေနိုင်တယ်။
အသားမသေသေးတဲ့အနာ ပြန်ကြွလာစေနိုင်သေးတယ်
ရဟန်းကောင်းတို့ တိမ်းစောင်းမှု မှန်သမျှ ကိုးကွယ်မှု
မူမမှန်ကြလို့။
သံဃာဆည်းကပ်မှုမှာ ပညာမပါ၊ တဏှာဦးစီး အပျော်
ကြီးကြ လွဲမှားကြလေသဖြင့်.. တကယ်အားကိုးရမယ့်
သူ့အကျင့်ဂုဏ် လက်လွှတ်ပြီး ပုဂ္ဂိုလ်အပေါ်မှာသာ
အားကိုးလွန်နေတတ်ကြတယ်။
အားကောင်းမကိုးလျှင် အားကိုးမကောင်း ဖြစ်ကြရပြီ။
(မဟာဗောဓိမြိုင်ဆရာတော််)
19/05/2026
#အမှန်မြင်ခြင်း
🕯️သမ္မာဒိဋ္ဌိ (Right understanding) အမှန်မြင်ရမယ်။ အမှန်သိရမယ်။ ဒါဘာကိုအမှန်သိရမလဲဆိုတော့ လောကမှာ အမှန်သိတယ်လို့ဆိုတာ ပြဿနာကို ပြဿနာလို့သိခြင်း၊ ပြဿနာရဲ့ အကြောင်းတရားကိုသိခြင်း၊ ပြဿနာရဲ့အဖြေကို သိခြင်းနဲ့ ဖြေတဲ့နည်းလမ်းကိုသိခြင်း။ ဒီလေးမျိုးပဲ။
🕯️အဲဒါကို သစ္စာလေးပါးလို့ ခေါ်တာ။ ဒုက္ခကိုသိတယ်၊ ဒုက္ခရဲ့အကြောင်းတရားကိုသိတယ်။ ဒုက္ခ ဘယ်မှာချုပ်ငြိမ်းတယ်ဆိုတာ သိတယ်၊ ချုပ်ငြိမ်းဖို့ လမ်းကြောင်းကို သိတယ်ဆိုရင် အဲဒီအမှန်သိမှုဟာ #သမ္မာဒိဋ္ဌိ ပဲ။
#အမှန်တွေးခြင်း
🕯️ အဲဒီလိုအမှန်သိဖို့ ဘာလိုလဲဆိုရင် မှန်ကန်စွာ တွေးတောဆင်ခြင်မှုဟာ လိုအပ်တယ်။ ဒါကြောင့်မို့ #သမ္မာသင်္ကပ္ပ–အမှန်တွေးနိုင်ရမယ်။
#အမှန်ပြောခြင်း
🕯️အေး -အမှန်စဉ်းစားပြီးတဲ့အခါ စဉ်းစားပြီးမှ စကားပြောတာဖြစ်သောကြောင့် သမ္မာသင်္ကပ္ပပြီးလျှင် #သမ္မာဝါစာ တဲ့၊ မှန်ကန်တဲ့စကားကိုပြောတယ်။ လိမ်မပြောဘူး၊ အမှန်ကိုပြောတယ်။ ကုန်းမတိုက်ဘူး၊ ညီညွတ်အောင်သာ ပြောတယ်။
🕯️ကြမ်းတမ်းတဲ့စကားတွေကို မပြောဘူး။ ယဉ်ကျေးလိမ္မာစွာ ပြောတယ်။ အကျိုးမရှိတဲ့စကားတွေကိုမပြောဘူး၊ ကောင်းကျိုးချမ်းသာရစေနိုင်တဲ့ တရားနဲ့ပတ်သက်တဲ့ စကားမျိုးကိုပဲပြောတယ်။ ဒါကို မှန်ကန်စွာပြောဆိုမှုလို့ ခေါ်တယ်။
#အမှန်ပြုလုပ်ခြင်း
🕯️မှန်ကန်စွာပြောဆိုပြီးရင် လူတွေကပြောပြီး အလုပ်လုပ်တာ ဖြစ်သောကြောင့် #သမ္မာကမ္မန္တ- မှန်ကန်တဲ့အလုပ်၊ မှန်ကန်တဲ့အလုပ်ဆိုသည်မှာ သူများအသက်ကို မသတ်ရဘူး ရှောင်ရမယ်။ သူများဥစ္စာကို မယူရဘူး ရှောင်ရမယ်။ သူတစ်ပါးသားမယားကို မပြစ်မှားရဘူး ရှောင်ရမယ်။ ဟော-ဒါ မှန်ကန်တဲ့လုပ်ရပ်ပဲ။ ရှောင်ကြဉ်တာဟာ အလုပ်တစ်ခုပဲ။
🕯️မှန်ကန်တဲ့ အသက်မွေးမှု အဲဒီလို မှန်ကန်စွာဆိုခြင်း၊ မှန်ကန်စွာပြုလုပ်ခြင်းဆိုတဲ့ ကိုယ်ကျင့်တရားတွေနဲ့ အသက်မွေးတာကို #သမ္မာအာဇီဝ လို့
ခေါ်တယ်။ ဟော- မြတ်စွာဘုရားက #သမ္မာဝါစာ၊ #သမ္မာကမ္မန္တ၊ #သမ္မာအာဇီဝ ဆိုတဲ့ ကိုယ်ကျင့်သီလကို အခြေခံထားရမယ်လို့ ဆုံးမတယ်။
#မှန်ကန်စွာကြိုးပမ်းမှု
🕯️သမ္မာဝါယာမ ဘာတွေကို ကြိုးစားရမှာတုန်းဆိုရင် မိမိစိတ်ထဲမှာ မကောင်းတဲ့ စိတ်ယုတ်မာတွေဖြစ်အောင်ဆိုပြီး ဆို့ပိတ်ဖို့ ကြိုးစားရမယ်။ မနိုင်လို့ ပေါက်ထွက်လာပြီဆိုရင် ဖယ်ရှားပစ်ဖို့ ကြိုးစားရမယ်။ စိတ်မဆိုးအောင် သတိထား။ ဆိုးလာရင်လည်း ဖယ်ရှား။ ဒါ #သမ္မာဝါယာမလို့ ခေါ်တယ်။ လောဘမဖြစ်သေးရင် မဖြစ်အောင်လည်း သတိထားရမယ်။
🕯️မတော်တဆ သတိလက်လွတ်ဖြစ်သွားလို့ရှိရင်လည်း မြန်မြန်ဖယ်ရှားပစ်ဖို့ ကြိုးစားမယ်။ ကိုယ့်သန္တာန်မှာ မဖြစ်ဖူးသေးတဲ့ ကုသိုလ်တွေ ဖြစ်လာအောင်လုပ်တယ်။ ဖြစ်လာပြီးလို့ရှိရင်လည်း တိုးပွားလာအောင်လုပ်တယ်။
🕯️ဆိုပါစို့။ တစ်နေ့တစ်ခါ တစ်ခါမှ မေတ္တာမပို့ဘူး ဆိုလို့ရှိရင် မေတ္တာပို့တယ်။ မေတ္တာဖြစ်အောင် ကြိုးစားတာ။ အဲဒီတစ်နေ့တစ်ခါမှ တစ်နေ့နှစ်ခါဖြစ်အောင်လုပ်မယ်။ သုံးခါဖြစ်အောင်လုပ်မယ်။ ဆယ်ခါဖြစ်အောင် လုပ်မယ်။ အခါတစ်ရာ ဖြစ်လာအောင် လုပ်မယ်။ တိုးပွားအောင်လို့လုပ်တာ။ ဒီလိုဆိုလိုတာနော်။
🕯️ကုသိုလ်ကောင်းမှုကို တိုးတိုးပြီးတော့ လုပ်လာတာ။ အဲဒီလို အကုသိုလ်နဲ့ပတ်သက်ပြီး ဆို့ပိတ်ခြင်း၊ ဖယ်ရှားခြင်း၊ ကုသိုလ်နဲ့ပတ်သက်ပြီးတော့ မဖြစ်သေးရင် ဖြစ်အောင်လုပ်ခြင်းနဲ့ ဖြစ်လာလို့ရှိရင် တိုးပွားလာအောင် ကြိုးစားခြင်းဆိုတဲ့ ဒီကြိုးပမ်းမှုလေးရပ်ကို #သမ္မာဝါယာမ လို့ခေါ်တယ်။
#မှန်ကန်သောသတိရှိမှု
🕯️ဒီလိုကြိုးပမ်းပြီဆိုလို့ရှိရင် အမှန်တရားပေါ်မှာ သတိထားပြီးတော့ ကြိုးစားရမှာ ဖြစ်သောကြောင့် #သမ္မာသတိ၊ သတိမရှိရင် မလုပ်ဖြစ်ဘူးလေ။ လူက ဒါကြောင့်မို့ သတိရှိရမယ်။
#မှန်ကန်သောတည်ငြိမ်မှု
🕯️အဲဒီလိုကြိုးစားတဲ့အခါမှာ စိတ်တည်ငြိမ်မှုဆိုတာ အရေးပါတယ်၊ #သမ္မာသမာဓိ တဲ့။ အဲဒါ မဂ္ဂင်ရှစ်ပါးနဲ့ အလုပ်လုပ်ရတာ။ ဒီလိုဆိုလိုတာပေါ့။
ကဲ-ဒါဖြင့် ဒီ ထွက်လေ ဝင်လေကိုမှတ်ပြီး ကမ္မဋ္ဌာန်းနှလုံးသွင်းတယ်ဆိုပါစို့။ ဘာနဲ့ နှလုံးသွင်းနေတာလဲလို့ ဆင်ခြင်စဉ်းစားကြည့်လိုက်။
🕯️ထွက်လေဝင်လေကို နှလုံးသွင်းတော့မယ်ဆိုတဲ့အခါမှာ ရှေးဦးစွာ ဘာလုပ်ရမလဲ။ ကိုယ်ကျင့်သီလဆောက်တည်ရမယ်။ #သမ္မာဝါစာ၊ #သမ္မာကမ္မန္တ၊ #သမ္မာအာဇီဝ ဆိုတဲ့ ဒီသုံးခုစုံပြီးသားတယ်။ သီလရဲ့အင်အားတွေကို ရယူလိုက်ပြီး သီလကိုအာရုံပြုလိုက်တဲ့အခါ မဟုတ်တာမလုပ်သည့်အတွက်ကြောင့် စိတ်အားတွေ ပိုတက်လာတယ်။
🕯️အဲဒီအချိန်မှာ ထွက်လေ ဝင်လေလေးပေါ်မှာ သတိထားတာက #သမ္မာသတိ။ အဲဒီလို သတိထားဖို့ ကြိုးစားနေတာက #သမ္မာဝါယာမ။ ထွက်လေဝင်လေလေးပေါ်မှာ စိတ်ကလေးတည်ငြိမ်သွားတာ #သမ္မာသမာဓိ။ အဲဒီ ထွက်လေဝင်လေလေးရဲ့ သဘာဝကို ဆင်ခြင်စဉ်းစားတာက #သမ္မာသင်္ကပ္ပ၊ အမှန်သိလိုက်တာက #သမ္မာဒိဋ္ဌိ လို့ဒီလိုဆိုတယ်နော်။
🕯️အဲဒီ မဂ္ဂင် ၅-ပါးနဲ့ အလုပ်လုပ်နေတာပဲလေ။ အဲဒီလိုအလုပ်လုပ်တာကိုပဲ နိဗ္ဗာန်သွားနေတယ်လို့ ဒီလိုဆိုတာ။ တစ်ခြားနည်းနဲ့သွားတာ မဟုတ်ဘူး။ ဒီသဘာဝတရားတွေ မိမိသန္တာန်မှာဖြစ်အောင် လုပ်နေခြင်းသည်ပင် #နိဗ္ဗာန်သွားနေခြင်းပဲဖြစ်တယ်။
အဂ္ဂမဟာပဏ္ဍိတ
အရှင်နန္ဒမာလာဘိဝံသ(Ph.D)
18/05/2026
"သတိပြုဖွယ်ရာ"
((မသာစ ဆောင်…
((ကျောင်းစ ရှောင် --
ဟူသော ရှေးဆိုရိုးဆုံးမစကားရှိ၏
" မသာစ ဆောင် " ဆိုသည်မှာ
နာရေးအသုဘတို့၌ဝေငှသည့်
သံဝေဂလင်္ကာများပါသော
ယပ်တောင်တို့ကိုဆောင်ထားခြင်းဖြင့် ထိုယပ်တောင်ကိုမြင်တိုင်း.....
ထိုသံဝေဂလင်္ကာတို့ကိုဖတ်မိတိုင်း.....
" ငါလည်း...တစ်နေ့...သေရအုံးမှာပါလား"ဟု မမြဲခြင်း/ဆင်းရဲခြင်း/အစိုးမရခြင်းသဘောတို့ကို
ဆင်ခြင်၍သံဝေဂဥာဏ်ဖြစ်နိုင်သောကြောင့်တည်း။
" ကျောင်းစ ရှောင် " ဆိုသည်မှာ
လူတို့သည်သံဃာတော်များထံမှ
သွားတိုက်ဆေး/တံ ဆပ်ပြာခဲ/မှုန့်
မျက်နှာသုတ်ပဝါ စသည်တို့ကိုရတတ်၏။
ထိုပစ္စည်းများသည် စွန့်ကြဲသောရဟန်းတစ်ပါးတည်းသာ
ပိုင်ဆိုင်သည့်ပုဂ္ဂလိကပစ္စည်းများဖြစ်ပါက အကြောင်းမဟုတ်သော်လည်း သံဃိကဂရုဘဏ်ပစ္စည်းဖြစ်ပါက ကိုယ်ကျိုးနည်းကာ ဆိုးကျိုးများစွာဖြစ်နိုင်၏ ။
ထိုသံဃိက ဂရုဘဏ်ပစ္စည်းများကို အသုံးပြုမိတိုင်း.....
သံတွေခဲ , မီးကျီးခဲ , အဆိပ်သီးများကို စားသောက်ရသကဲ့သို့ဖြစ်ရ၏။
" ဟ...ငါတို့ဘုန်းကြီးက
ကျောင်းထိုင်ဆရာတော်လေ
သူကိုယ်တိုင်စွန့်လို့ယူတာ
ဘာအပြစ်ဖြစ်ရမှာတုန်း "
ဟုပြောဆိုကြသူများရှိကြ၏
ကျောင်းထိုင်ဘုန်းကြီးဖြစ်နေပါစေ ~
သာသနာပိုင်ဆရာတော်ကြီးဖြစ်နေပါစေ ~
သံဃနာယကဥက္ကဋ္ဌဆရာတော်ကြီးဖြစ်နေပါစေ ~
"သံဃိကဂရုဘဏ္ဍာ" ပစ္စည်းများကို မိမိသဘောထားဆန္ဒအတိုင်း
ပေးလို့မရ။ စွန့်လို့မရ။ ဝေဘန်ခွဲခြမ်းလို့မရ။
အဘယ့်ကြောင့်နည်း...?
မစွန့်အပ်/မဝေဘန်အပ်သော
သံဃိက ဂရုဘဏ်ပစ္စည်းတို့သည် ဝိနယပိဋကတ်၌ပါရှိခြင်းကြောင့်တည်း။
ထိုပစ္စည်းတို့မှာ
၁။ အာရာမ - အရံ
၂။ အာရာမဝတ္ထု - အရံနေရာ
၃။ ဝိဟာရ - ကျောင်းတိုက်။
၄။ ဝိဟာရဝတ္ထု - ကျောင်းတိုက်နေရာ။
၅။ မဉ္စ - ညောင်စောင်း။
၆။ ပီဌ - အင်းပျဉ်။
၇။ ဘိသိ - ဘုံလျို။
၈။ ဗိဗ္ဗောဟန - ခေါင်းအုံး။
၉။ လောဟကုမ္ဘီ - ကြေးအိုး။
၁၀။ လောဟဘာဏက - ကြေးအိုးစရည်း။
၁၁။ လောဟဝါတက
၁၂။ လောဟကဋာဟ - ကြေးဖျဉ်းအိုး။
၁၃။ ဝါသိ - ပဲခွပ် (တံစဉ်း)
၁၄။ ဖရသု - ပုဆိန္။
၁၅။ ကုဓာရီ - ဓားမ။
၁၆။ ကုဒါလ - ပေါက်တူး။
၁၇။ နိဒါဒနံ - ဆောက်။
၁၈။ ဝလ္လိ - နွယ်ပင်
၁၉။ ဝေဠု - ဝါးပင်။
၂၀။ မုဉ္ဇ - ဖြူဆံမြက်ပင်။
၂၁။ ပဗ္ဗဇ - ပြိတ်မြက်ပင်။
၂၂။ တိဏ - ကြွင်းသောမြက်။
၂၃။ မတ္တိကာ - မြေညက်။
၂၄။ ဒါရုဘဏ္ဍာ - သစ်ဘဏ္ဍာ။
၂၅။ မတ္တိကာဘဏ္ဍ - မြေဘဏ္ဍာ။
ဤသို့(၂၅ )ခု သရုပ်ပြုသော်လည်း
ဆိုင်ရာတစ်ခုချင်းကို ထပ်စိပ်သော်
အမြောက်အများရ၏။
ထို့ကြောင့်...
သံဃိကဂရုဘဏ္ဍာ(၂၅)မျိုး၌ အကျုံးဝင်သည့် ဘုန်းကြီးကျောင်းဝန်းအတွင်း၌
ခရေပန်းကောက်ခြင်း
ခွေးတောက်ရွက်ခူးခြင်း
သရက်သီးခူးခြင်း
ပန်းကန်၊ ခွက်ယောက်များကိုယူခြင်း ပေါက်တူးပုဆိန်စသည်တို့ကိုယူခြင်း စသော... စသော...
သံဃိကပစ္စည်း ဟူသမျှတို့ကို
အထူးသတိထား၍ ရှောင်ကြဉ်ထိုက်၏။
အဘယ်ကြောင့်ဆိုသော်...
သံဃိကပစ္စည်းမှန်ပါက
သူခိုးတစ်ယောက်ကခိုးယူသွားပြီး ထိုသူခိုးက တခြားသူထံပြန်ရောင်း…စသည်ဖြင့်
ပိုင်ရှင်အဆက်ဆက်ပြောင်းသွားသော်လည်း သံဃိကပစ္စည်းမှန်သမျှ သံဃိကပစ္စည်းအဖြစ်၌သာ တည်နေသောကြောင့်ဖြစ်၏
သံဃိကပစ္စည်းအဖြစ်၌ တည်နေပါက အသုံးပြုမိကြသောသူတို့သည် သံတွေခဲ…မီးကျီးခဲ…အဆိပ်သီးတို့ကို မျိုချကာ စားရသကဲ့သို့ ဖြစ်တော့၏။
ထိုထိုအကြောင်းဖြစ်ရပ်တို့ကြောင့်....
" ကျောင်းစ ရှောင် " ဟူသော
ရှေးသူတော်ကောင်းတို့၏ဆုံးမစကားကို လိုက်နာဆောင်ရွက်သင့်ပေ၏
အထူးအားဖြင့်
သာသနာ့မြေ ~
သံဃိကမြေများကို ငါပိုင်တယ် ~
ငါတို့ဘုန်းကြီးပိုင်တယ် ~
ငါတို့ဆွေမျိုးဘုန်းကြီးပိုင်တယ် ~ ဟုပြောဆိုအလွဲသုံးစားပြုကာရောင်းချ/ငှားရမ်းနေကြသူများ
အထူးသတိပြုစေလိုပါသည် ။
(သံဃိကပစ္စည်း အလွဲသုံးစားမှုများသည် ဗုဒ္ဓဘာသာမြန်မာတို့အတွက် ကပ်သဖွယ် ဆင်းရဲရခြင်း အကြောင်းတစ်ခုဖြစ်နိုင်သည်။
#အရှင်တေဇနိယ
(မန်းတောင်ခြေ)
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon
